Skip to main content

​ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နေပြည်တော်ကောင်စီနယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁၀

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်- ပဲခူး -  တောင်ငူ - ပျဉ်းမနား - မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၂၃/၁) နှင့် (၂၂၃/၂) ကြားရှိအရှည်ပေ ၂၁၀ ဆင်သေချောင်းတံတား (ကျောက်ချက်) တစ်လမ်းမောင်း သံပေါင်တံတားဟောင်းနေရာတွင် တံတားဦးစီးဌာနတံတားအထူးအဖွဲ့ (၆)မှ ပထမအဆင့် (၄) လမ်းသွားသံကူကွန်ကရစ်နှင့် Plate Girder တံတားအသစ်တိုးချဲ့တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ခံအင်ဂျင်နီယာနှင့် တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က တံတားတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ယခုပထမအဆင့် (၄)လမ်းသွားတိုးချဲ့တည်ဆောက်နေသည့်တံတားသည် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပျဉ်းမနားမြို့ရှောင်လမ်းနှင့် ရန်ကုန် - ပဲခူး - တောင်ငူ - ပျဉ်းမနား - မန္တလေး ပြည်ထောင်စုလမ်းမကြီးနှင့် ဆုံသည့်နေရာတွင် တည်ရှိကြောင်း၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အထူးအလေးထားဆောင်ရွက်ရန်လိုကြောင်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေး၊ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးကောင်းမွန်အောင်တည်ဆောက်ရေး၊ ဖျက်သိမ်းသည့် တံတားအဟောင်းမှရရှိသော သံမဏိသံပေါင်ရက်မများကို စနစ်တကျထိန်းသိမ်းထားရှိရန်၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သော လမ်း၊ တံတားလုပ်ငန်းများတွင် ပြန်လည်အသုံးပြုသွားရန်နှင့် သဘာဝဘေးအန္တရာယ်ကျရောက်နိုင်သည့်အတွက် လုပ်ငန်းခွင်တွင် အသုံးပြုသည့် စက်ယာဉ်ယန္တရားများ ပျက်စီးဆုံးရှုံးမှုမရှိစေ‌ရေး ဘေးလွတ်ရာသို့ပြောင်းရွှေ့နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရန် မှာကြားသည်။

ထို့နောက် တံတားတည်ဆောက်ရေး လုပ်ငန်းခွင်အတွင်းစက်ယန္တာရားများဖြင့် ယခင်တံတားဟောင်းကမ်းကပ်ခုံနှင့် ရေလယ်တိုင်များဖျက်သိမ်းနေမှု၊ တံတားအသစ် Bored Pile လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် သံချည်၊ သံကွေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်သို့ လာရောက်ဖူးမြော်ကြည်ညိုကြမည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်နှင့် အဆင်ပြေချောမွေ့စွာဝင်ရောက်နိုင်ရေးအတွက် ရန်ကုန် - မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၀၃ /၄ (အသွားလမ်း) နှင့် မိုင်တိုင်အမှတ် ၂၀၄ / ၆ (အပြန်လမ်း)တို့တွင် လမ်းလယ်ကျွန်းဖြတ်သည့် U Turn နှင့် လမ်းညွှန်အမှတ်အသားများ၊ သတိပေးဆိုင်းဘုတ်များ ဆောင်ရွက်ထားရှိမှု၊ မိုင်တိုင်အမှတ် ၂၀၃/၆ မှ ၂၀၄/၃ အထိ (အသွားလမ်း) မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အဝင်/အထွက်နေရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် လက်ရှိ (၂)လမ်းသွားကွန်ကရစ်လမ်းမှ(၄)လမ်းသွား ကွန်ကရစ်လမ်းတိုးချဲ့ခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထားပူဇော်သည့် ဗုဒ္ဓဥယျာဉ်သို့ အဝင်/အထွက်ပြုလုပ်နိုင်သည့် လမ်းအရှည် ၃၀၈၄ ပေ၊ (၄) လမ်းသွား ကတ္တရာကွန်ကရစ်(AC)ခင်းပြီးမှု၊ လမ်းလယ်ကျွန်းနှင့် လမ်းဘေးဝဲ/ယာသစ်ပင်များ၊ ပန်းအလှပင်များ စိမ်းလန်းစိုပြည်စွာစိုက်ပျိုးထားရှိမှု၊ လမ်းအသုံးပြုခကောက်ခံမည့် Mini Toll Gate နှင့် လုံခြုံရေးအတွက်စစ်ဆေးရေးဂိတ်များ ဆောင်ရွက်ပြီးစီးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်