Skip to main content

နယ်စပ်ဂိတ်များမှတစ်ဆင့် ခရီးသွားများဝင်ရောက်၊ ထွက်ခွာနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ မြန်မာ-လာအို နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပခရီးသွားဧည့်သည်များ လည်ပတ်နိုင်ရေးဝိုင်းဝန်းကူညီ

နေပြည်တော် ဧပြီ ၂၇

နယ်စပ်ဂိတ်များမှတစ်ဆင့် ခရီးသွားဧည့်သည်များ ဝင်ရောက်၊ ထွက်ခွာလည်ပတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်တာဝန်ခံများ တက်ရောက်ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က Video Conferencing ဖြင့်တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက (၁၄) ကြိမ်မြောက် မြန်မာ - လာအို ဗဟိုအဆင့် နယ်စပ်ဒေသအာဏာပိုင်များ အစည်းအဝေး၌ မြန်မာ - လာအို နယ်စပ်ဂိတ်များမှတစ်ဆင့် လာအို နိုင်ငံသားများသာမက လာအိုနိုင်ငံသို့ လာရောက်လည်ပတ်သော တတိယနိုင်ငံသားများပါဝင်၊ ထွက်နိုင်ရေး အဆိုပြုလာသောကိစ္စကို အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်နှင့် ပြည်သူလူထု၏အကျိုးစီးပွားကို အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအဆိုပြုချက်သည် နယ်စပ်ဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်သည့်အတွက် သက်ဆိုင်ရာ ပြည်နယ်အစိုးရအနေဖြင့် ဝင်ရောက်လာမည့် ခရီးသွားများ လည်ပတ်သွားလာနိုင်သော နေရာများ ကို ရွေးချယ်အဆိုပြုပေးစေလိုကြောင်း။

ဆက်စပ်ဝန်ကြီးဌာနများအနေဖြင့် သတ်မှတ်ထားသောစည်းမျဉ်း၊ စည်းကမ်းများအတွင်း ဖြစ်နိုင်ခြေရှိသော လုပ်ထုံးလုပ်နည်းများကို အကြံပြုဆွေးနွေးပေးစေလိုကြောင်း၊ ခွင့်ပြုချက်ရရှိပါက ဝန်ကြီးဌာနက Package Tour များ စီစဉ်ဆောင်ရွက်နိုင်ရေး ခရီးသွားအသင်းအဖွဲ့များနှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုအဆိုပြုချက်ကို အမြန်ဆုံးအကောင်အထည်ဖော်လိုကြောင်း၊ မြန်မာ-လာအို နယ်စပ်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ပြည်ပခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နိုင်ရေးအတွက် အဆင်သင့်ဖြစ်နေစေရန် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့နှင့် ဆက်စပ်ဝန်ကြီးဌာနများအနေဖြင့် ဝိုင်းဝန်းကူညီ ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က နှစ်နိုင်ငံနယ်စပ်ဂိတ်များ ဖွင့်လှစ်ထားရှိမှုအခြေအနေ၊ နယ်စပ်ဂိတ်များမှ ခရီးသွားများ ဝင်၊ ထွက် သွားလာနေမှုအခြေအနေနှင့် ခရီးစဉ်များ တိုးချဲ့ခွင့်ပြုပေးထားမှုအခြေအနေများကို ဆွေးနွေးတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသောဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်