Skip to main content

ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာအပါး (၁၁၁၁၁)ပါးတို့ဖြင့် ဗုဒ္ဓဘိသေက အနေ ကဇာတင် မင်္ဂလာအခမ်းအနားနှင့် စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်   ဧပြီ  ၁၉

ရွှေတိဂုံစေတီတော်မြတ်ကြီးအား  သံဃာအပါး(၁၁၁၁၁)ပါး တို့ဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော်မြတ်ကြီး ရှေးဟောင်းတန် ဆောင်း၌ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌအဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရ တိပိဋကာလင်္ကာရစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တအဂ္ဂသာမိ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ဇော်ဟိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်က အဖွင့်သြဝါဒကထာ မြွတ်ကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က အဖွင့်အမှာစကားများအသီးသီး ပြောကြားကြသည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက လုပ်ငန်းဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ၎င်းနောက်အပြည်ပြည်ဆိုင်ရာ ထေရဝါရဗုဒ္ဓသာသနာပြု တက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ)က ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဂိုဏ်းပေါင်းစုံ  သံဃာအပါး (၁၁၁၁၁)ပါးတို့ဖြင့် ဗုဒ္ဓဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားနှင့် စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဆောင်ရွက်မည့်ကိစ္စရပ်များ ဆွေးနွေးတင်ပြပြီး တက်ရောက်ကြသည့် လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများက အသီးသီး ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။