Skip to main content

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၅ /၂၀၂၃)

၁။      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အမိန့်အမှတ်(၂၈/၂၀၂၃)ဖြင့် အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူ ၃၀၁၅ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ယင်းတို့ကျခံရန်ရှိသည့် ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပါသည်။

၂။       ထို့ပြင် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အမိန့်အမှတ် (၂၉/၂၀၂၃) ဖြင့် နိုင်ငံခြားသား အကျဉ်းသား/ သူ ၉၈ ဦးတို့အားလည်းကောင်း၊ အမိန့်အမှတ်(၃၀/၂၀၂၃) ဖြင့် သီရိလင်္ကာနိုင်ငံသား ၅ ဦးကိုလည်းကောင်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ ယင်းတို့ကျခံရန်ရှိသည့် ပြစ်ဒဏ်များအပေါ်လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။

၃။ ဤဆောင်ရွက်မှုသည် လူ့အခွင့်အရေးဆိုင်ရာ အပြုသဘောဆောင်သော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး အကျိုးဆက်အဖြစ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများသည် မိသားစုဝင်များနှင့် ပြန်လည်ပေါင်းစည်းခွင့်ရကြသဖြင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် သက်ဆိုင်ရာမိသားစုဝင်များနှင့် ထပ်တူလွန်စွာဝမ်းမြောက်ပီတိဖြစ်ရပါသည်။

၄။ အလားတူ အပြုသဘောဆောင်သော ခြေလှမ်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ကော်မရှင်အနေဖြင့် မျှော်လင့်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၈ ရက်