Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးဝဏ္ဏမောင်လွင်၏ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်ကနေ ၁၃၈၅ ခုနှစ်ကို ကူးပြောင်းတဲ့ အတာနှစ်ကူး အခါသမယမှာ အခုလို နှုတ်ခွန်းဆက်စကားပြောခွင့်ရတဲ့အတွက် အထူးပဲဝမ်းမြောက်ဂုဏ်ယူ ကျေးဇူးတင်မိပါတယ်။

ဒီလိုနှစ်သစ်ကူးအတာသင်္ကြန်ဆိုတာဟာ မြန်မာနိုင်ငံသူနိုင်ငံသား တိုင်းရင်းသား ပြည်သူလူထု ရဟန်းရှင်လူအားလုံးအတွက် အထူးပဲ အထင်ကရ အမှတ်တရဖြစ်တဲ့ နေ့ထူးနေ့မြတ် အခါသမယလည်း ဖြစ်ပါတယ်။ မြန်မာ့ရိုးရာအစဉ်အလာအရသော်လည်းကောင်း၊ ဗုဒ္ဓသာသနာတော်ရဲ့ အစဉ်အလာအရ သော်လည်းကောင်း နှစ်ဟောင်းကနေ နှစ်သစ်ကို ကူးပြောင်းတဲ့အခါသမယမှာ နှစ်ဟောင်းက အညစ် အကြေးတွေကို သန့်စင်သော၊ ကြည်လင်သော သီတာရေနဲ့ ပက်ဖျန်းဆေးကြောရသလို နှစ်သစ်အတွက်လည်း အားမာန်တွေပြည့်ဖြိုးစေပြီး အားသစ်မာန်သစ်နဲ့ကောင်းမှုတွေပြုနိုင်အောင် ရည်ရွယ်သန္နိဋ္ဌာန်ချပြီး ပြုလုပ်ခဲ့တဲ့ အတာသင်္ကြန် အတာကူးတဲ့ကာလလည်း ဖြစ်ပါတယ်။

ဒီလိုအချိန်ကာလမှာ မြန်မာနိုင်ငံမှာ သမိုင်းကြောင်းနဲ့ချီပြီး ရှေးနှစ်ပေါင်းများစွာကတည်းက ဗုဒ္ဓဘာသာသာသနာဝင် သံဃာတော်များနဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ မိမိတို့ရဲ့ကုသိုလ်ရေး၊ သံသရာရေးအတွက် ကောင်းမှုကုသိုလ်တွေပြုလုပ်ပြီး ပြည်သူပြည်သားများ အားလုံးကလည်း သက်ကြီးရွယ်အိုတွေကို ဂါရဝပြုတာတွေကအစ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ရင်း အတာသင်္ကြန်ရေနဲ့ ဆေးကြောပြီး နှစ်သစ်ကိုကြိုဆိုကြတဲ့ ကောင်းမြတ်တဲ့ သမိုင်းဝင်အစဉ်အလာရှိတဲ့ပွဲတော်ကြီးလည်း ဖြစ်ပါတယ်။

ဒီလိုပွဲတော်မှာ မိမိတို့နိုင်ငံသူနိုင်ငံသား တိုင်းရင်းသားအားလုံးဟာ လာမယ့်နှစ်သစ်မှာ အားသစ်မာန်သစ် စိတ်သစ်လူသစ်နဲ့ မိမိတိုင်း နိုင်ငံကောင်းကျိုးအတွက်သော်လည်းကောင်း၊ ဘာသာသနာ ကောင်းကျိုးအတွက်သော်လည်းကောင်း၊ နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်အောင်သန္နိဋ္ဌာန်တွေချပြီး နှစ်သစ်ကို ကြိုဆိုကြရမှာ ဖြစ်ပါတယ်။

နှစ်ဟောင်းမှာကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေကို ဖော်ထုတ်ပြီး နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ် အားမာန်သစ်နဲ့ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတွေနဲ့ ဘာသာသာသနာထွန်းကားရေး ကိစ္စရပ်တွေကို ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်တဲ့နေရာမှာ မြန်မာနိုင်ငံအနေနဲ့ ငြိမ်းချမ်းသာယာဖွံဖြိုးတိုးတက်သော ခေတ်မီနိုင်ငံတစ်ရပ်အဖြစ်ကို ရောက်ရှိအောင် အားလုံးဝိုင်းဝန်းတည်ဆောက်နေကြတဲ့ အခါသမယဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နဲ့ ဦးတည်ချက် ၁၂ ရပ် ပြည့်ဝအောင်မြင်ဖို့အတွက် အားလုံးအားကြိုးမာန်တက် အားသွန်ခွန်စိုက်ကြိုးပမ်းသွားကြဖို့လိုအပ်ပါတယ်။

ဒီခေတ် ဒီအချိန်ဒီအခါမှာ မြန်မာနိုင်ငံမှာရှိနေတဲ့ လူတန်းစားအသီးသီး လူထုလူတန်းစားအားလုံးဟာ နှစ်သစ်ကို အားသစ်မာန်သစ် နဲ့ကြိုဆိုနေကြတာဖြစ်ပါတယ်။ ကျောင်းသူ ကျောင်းသားတွေဟာလည်း အတန်းသစ်ကို တက်ကြရမယ်၊ အထက်တန်းကျောင်းသားတွေကလည်း တက္ကသိုလ်ပညာတွေ တက်လှမ်းကြရတော့မယ်၊ တက္ကသိုလ်က ဘွဲ့ရသွားတဲ့ လူငယ်လူရွယ်တွေကလည်း လုပ်ငန်းခွင်ကို ဝင်ကြတော့မယ်။ လုပ်ငန်းခွင်မှာရှိတဲ့ ဝန်ထမ်းတွေကလည်း တစ်နှစ်ပြီးတစ်နှစ် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်အောင်မြင်အောင် တက်လှမ်းကြိုးစား အားထုတ်ကြတဲ့အခါသမယလည်းဖြစ်တဲ့အတွက် နိုင်ငံကောင်းကျိုး သယ်ပိုးရင်း ဘာသာသာသနာထွန်းကားပြန့်ပွားရေးနဲ့ အဓွန့်ရှည် တည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော်ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ရေး အတွက် အားလုံးတက်ညီလက်ညီ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုထမ်းဆောင်နိုင်ဖို့အတွက် အားလုံးကြိုးပမ်းပြီး စည်းလုံး ညီညွတ်စွာနဲ့ မိမိတို့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေ၊ ဦးတည်ချက်တွေကို ပြည့်ဝအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ နိုင်ငံတော်အနေနဲ့ ကမ္ဘာ့ အလယ်မှာ ရင်ပေါင်တန်းနိုင်ပြီး မိမိတို့ရဲ့လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို စောင့်ထိန်း ထိန်းသိမ်းပြီး နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာ မြင့်မားစွာ ကမ္ဘာ့အလယ်မှာ အဆင့်အတန်းမီစွာ ရပ်တည်နိုင်တဲ့ နိုင်ငံတော်အဖြစ် တည်ဆောက်နေတဲ့ အချိန် ကာလမှာ ပြည်သူ ပြည်သားအားလုံးအနေနဲ့ အထူးကြိုးပမ်း ဆောင်ရွက်သွားကြဖို့ လိုအပ်ပါတယ်။ ကြိုးပမ်းဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ကြောင်း ပြောကြားရင်း နှစ်သစ်ကို ဂုဏ်ယူစွာကြိုဆိုရင်း ပြည်သူပြည်သားအားလုံးကို နှုတ်ခွန်းဆက် စကားပြောကြားအပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။