လောကကြီးသည် လွန်စွာအံ့ဩဖွယ်ကောင်း၏။ ရိုးသားမှန်ကန်စွာ အစဉ်အတိုင်း ဖြစ်ပျက် တည်ထွန်းလျက်ရှိ၏။ တစ်လတွင် ရက် ၃၀၊ တစ်ဆယ့်နှစ်လတွင် တစ်နှစ်ဖြစ်လာသည်။ ရက်ပေါင်း ၃၀ တစ်ဆယ့်နှစ်လစေ့၍ တစ်နှစ်ကြာလျှင် မိန်ရာသီမှ မိဿရာသီသို့ ကူးပြောင်းခြင်းကို သင်္ကြန်ကျသည်၊ အတာကူးပြောင်း သည်ဟု ဆိုသည်။
ယခုအခါ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းရောက်ရှိ ခဲ့ပြီဖြစ်သည်။ နှစ်သစ်တစ်နှစ်သို့ ကူးပြောင်းသည့် ဤသင်္ကြန်ကာလတွင် မြန်မာပြည်တစ်ဝန်း အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြသည်။ သမိုင်းကြောင်းရှည်လျားသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု တန်ခူးလ သင်္ကြန်ပွဲတော်ကို အစဉ်အလာနှင့်အညီ အောင်မြင်စွာ ကူးပြောင်းခဲ့ကြသည်။ တန်ခူးလ သင်္ကြန်ပွဲတော်နှင့်အတူ ကုသိုလ်ကောင်းမှုများ ထူးထူးကဲကဲပြုလုပ်ကြသည့်ပွဲ၊ သက်ကြီးပူဇော်ပွဲ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာပွဲ၊ စုပေါင်းရဟန်းခံရှင်ပြုပွဲ စသည်ဖြင့် မင်္ဂလာ ရှိသောပွဲအမျိုးမျိုးကို ဆင်နွှဲနိုင်ခဲ့ကြသည်။ မြန်မာ့ရိုးရာနှစ်သစ်ကူးကာလ၌ ပျော်ရွှင်ဖွယ်ရာများ စုံလင်လှသလို ကုသိုလ်ကောင်းမှုများ ထုံမွမ်းခဲ့ကြသည်။
ထေရဝါဒဗုဒ္ဓဘာသာအခြေခံသည့် ယဉ်ကျေးမှုပွဲတော်များသည် ပျော်စရာ ရွှင်စရာပွဲများနှင့် လုံးဝ မကင်းသော်လည်း ပျော်ပွဲသက်သက်မဟုတ်ပေ။ မြန်မာလူမျိုးတို့၏ မြတ်နိုးဖွယ်ရာယဉ်ကျေးမှုကို အစဉ်အလာမပျက် ထိန်းသိမ်းဆင်နွှဲသောပွဲဟု ဆိုရပေမည်။ သာသနပါလ မျိုးဆက်သစ်တို့အတွက် ယဉ်ကျေးမှုအမွေ လက်ဆင့်ကမ်းပေးဝေပွဲဟုလည်း ဆိုနိုင်သည်။ လွတ်လပ်သောနိုင်ငံ၊ လွတ်လပ် သောလူမျိုးတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု အမျိုးသားရေးလက္ခဏာများကို ထိန်းသိမ်း စောင့်ရှောက်သည့် အနေဖြင့် ထုတ်ဖော်ခြင်းလည်းဖြစ်ပေသည်။ ယဉ်ကျေးမှုအမွေ အနှစ်ပျောက်ကွယ်ပါက ဘာသာနှင့် လူမျိုး ပျောက်ကွယ်ခြင်းအဖြစ်ကို မရောက်ရှိ စေရန်အတွက် ထိန်းသိမ်းစောင့်ရှောက်ကြခြင်းလည်း ဖြစ်ပေသည်။
ယခုအခါတွင် အမျိုး၊ ဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ပျောက်ပျက်အောင် ဖျက်ဆီး နေကြသူများကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး အလေးအနက်ထားသည့် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အစဉ်အလာ မဟာသင်္ကြန်ပွဲတော်ကြီးပျက်စီးစေရန် သင်္ကြန်မတိုင်မီ ကာလကတည်းက ကြံစည်အားထုတ်ခဲ့ကြသည်။ ပြည်သူများ ပျော်ရွှင်ချမ်းမြေ့မှု ပျက်စီးစေရန် ယုတ်မာ ပက်စက်သောအကြံအစည်အမျိုးမျိုးကို လုပ်ဆောင်ခဲ့ကြသည်။ ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့က လားရှိုးမြို့တွင် လက်လုပ်ဗုံးဖြင့် ဗုံးခွဲတိုက်ခိုက် မှုကြောင့် အပြစ်မဲ့ပြည်သူ လေးဦးသေဆုံးခဲ့ပြီး အသက် သုံးနှစ်အရွယ် ကလေး တစ်ဦးအပါအဝင် ပြည်သူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိုနေ့တွင်ပင် စစ်ကိုင်းမြို့နယ် ကြွယ်ပုံကျေးရွာ အလယ်တန်းကျောင်းရှေ့၌ ရေကစားနေသည့် ကျေးရွာသူ ကျေးရွာသားများနှင့် ကလေးငယ်များကို ဒရုန်းယာဉ်ဖြင့် ဗုံးလေးလုံးချ ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငါးဦးအပါအဝင် အပြစ်မဲ့ပြည်သူရှစ်ဦး သေဆုံးခဲ့ရပြီး ၃၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ သင်္ကြန်အကြတ်နေ့တွင် အရာတော်မြို့နယ် ငွေတွင်းကျေးရွာ၌လည်း ဒရုန်းယာဉ်ဖြင့် ဗုံးနှစ်လုံးပစ်ချတိုက်ခိုက်ခဲ့သဖြင့် ကလေးသုံးဦးအပါအဝင် ကျေးရွာသူ ကျေးရွာသား ၁၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
အလားတူ ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့တွင်ပင် ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ် အစိုးရအဖွဲ့ရုံး ဗဟိုမဏ္ဍပ်၌ ကလေးငယ်များအပါအဝင် ပြည်သူများရေကစားနေစဉ် ဒရုန်းယာဉ်ဖြင့် ဗုံးချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁၅ ဦးနှင့် အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၂၈ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ဤသို့ ယုတ်မာပက်စက်သောအကြံအစည်ဖြင့် သင်္ကြန်ရေသဘင် ပွဲတော်ကို ပျက်စီးစေရန်နှင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေကျေဒဏ်ရာများရရှိအောင် ပြုလုပ်ခဲ့ကြသော NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ၏ လုပ်ရပ်များသည် မြန်မာတို့၏နှလုံးသားတွင် စိတ်မချမ်းမြေ့ဖွယ် စွဲထင်ကျန်ရစ်စေခဲ့သည်။
NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများသည် ထိုသို့ခွင့်မလွှတ် နိုင်သောပြစ်မှုများ ကျူးလွန်ခဲ့ကြသည်ကိုဖုံးကွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအနီးတွင် ၎င်းတို့၏ အကြမ်းဖက်ဌာနချုပ် NUG ရုံးကို ရှင်းလင်းဖယ်ရှားမှုကြောင့် ဖြစ်ပေါ်ခဲ့မှုများကို နိုင်ငံတကာမျက်နှာစာတွင် မဟုတ်မမှန်လုပ်ကြံသတင်းထုတ်လွှင့်၍ နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးပမ်း အားထုတ်မှုများမှာ စက်ဆုပ်ဖွယ်ရာ ရှက်ဖွယ်အတိဖြစ်သည်။
သို့ဖြစ်ရာ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများကို ဖျက်ဆီးပြီး အပြစ်မဲ့ပြည်သူများအား သေကျေ ပျက်စီးအောင် ပြုလုပ်ခဲ့သော NUG နှင့် လက်ဝေခံ PDF အကြမ်းဖက်သမားများအား ဝိုင်းဝန်းတိုက်ဖျက်ကြရမည်ဖြစ်ပါကြောင်း။ ။