Skip to main content

စစ်ကိုင်းမြို့နယ်အတွင်း၌ PDF အမည်ခံ အကြမ်းဖက်သမားများ၏ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်မှုကြောင့် ရေကစားနေသည့် ကျေးရွာသူ၊ ကျေးရွာသားများနှင့် ကလေးသူငယ်များ သေဆုံးထိခိုက်ဒဏ်ရာရရှိ

နေပြည်တော် ဧပြီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းရှေ့၌ ကျေးရွာသူ၊ ကျေးရွာသားများနှင့် ကလေးသူငယ်များ ရေကစားနေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက Drop Bomb များဖြင့် ယုတ်မာရက်စက်စွာ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြိုနေ့အခါသမယဖြစ်သည့် ဧပြီ ၁၃ ရက်တွင် စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းရှေ့၌ ကလေးငယ်များအပါအဝင် ကျေးရွာသူ၊ ကျေးရွာသားများ ရေကစားနေစဉ် ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက Drone ဖြင့် Drop Bomb ၄ လုံး လာရောက်ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် ၅ ဦးအပါအဝင် ၈ ဦး သေဆုံးခဲ့ပြီး အပြစ်မဲ့ကျေးရွာသူ၊ ကျေးရွာသား ၃၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ကိုင်းမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ယခုကဲ့သို့ ကလေးသူငယ်များနှင့် အပြစ်မဲ့ပြည်သူများ ရေကစားနေသည့်နေရာအား ရည်ရွယ်ချက်ရှိရှိဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး အဆိုပါအကြမ်းဖက်မှုကို ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။