နေပြည်တော် မတ် ၂၂
ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် လက်ရွေးစင်အားကစားသမားရွေးချယ်မှုအဖြစ် (လက်ရည်စမ်း) လက်ဝှေ့ပြိုင်ပွဲကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းလက်ဝှေ့ အားကစားရုံ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။
ပြိုင်ပွဲများအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် အားကစားသမားများနှင့်တွေ့ဆုံပြီး ကျန်းမာရေးသည် အထူးအရေးကြီးကြောင်း၊ ကျန်းမာရေးကောင်းမွန်မှ မိမိတို့၏ အရည်အသွေး၊ အစွမ်းအစများကို ဖော်ထုတ်ပြသနိုင်မည်ဖြစ်ကြောင်း၊ သွားလာနေထိုင်စား သောက်မှုများကို အထူးဂရုစိုက်ကြရန်လိုကြောင်း၊ လေ့ကျင့်မှုများပြုလုပ်ရာတွင်ထိခိုက် ဒဏ်ရာမရရှိစေရန်နှင့် လေ့ကျင့်မှုလွန်ကဲခြင်းများ မဖြစ်စေရန် နည်းပြများ၏ သင်ကြားပြသ လေ့ကျင့် ပေးမှုအတိုင်း စနစ်တကျ လိုက်နာလေ့ကျင့်သွားကြ ရန်လိုကြောင်း၊ နည်းပြများအ နေဖြင့်လည်း အားကစား သမားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်မှအားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား ကောင်းများဖြစ်အောင် မလျှော့သော ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်တို့ဖြင့် အစွမ်းကုန် ကြိုးစားလေ့ကျင့်သွားကြရန်တိုက်တွန်း ပါကြောင်းပြောကြားသည်။
(လက်ရည်စမ်း) လက်ဝှေ့ပြိုင်ပွဲတွင် ဝိတ်တန်း အလိုက် အမျိုးသားပွဲစဉ်များအဖြစ် ၅၁/၅၄ ကီလို တန်း၊ ၅၇/၆၀ ကီလိုတန်း၊ ၆၃ ဒသမ ၅ ကီလိုတန်း၊ ၆၇/၈၀ ကီလိုတန်း ပွဲစဉ်လေးပွဲနှင့် အမျိုးသမီးပွဲစဉ် ၅၄/၅၇ ကီလိုတန်းတို့တွင် အားကစားသမား ၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယင်းပြိုင်ပွဲမှတစ်ဆင့် အားကစားသမားများ၏ စွမ်းရည်ပေါ်မူတည်၍လာမည့် ဆီးဂိမ်းပြိုင်ပွဲအတွက်နိုင်ငံ့ကိုယ်စားပြု အားကစားသမားများ ရွေးချယ်သွားမည်ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်