နေပြည်တော် မတ် ၂၁
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မတ် ၁၉ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ဦးစီးဌာနမှူးက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မှုနှင့် ပုဂ္ဂလိကစက်မှု မှတ်ပုံတင်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်မှုတို့ကို ရှင်းလင်းတင်ပြသည်။
ကြိုးပမ်းဆောင်ရွက်ပေး
တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်မှုဝန်ကြီးဌာနအနေဖြင့် တာဝန်ခံဆောင်ရွက်နေသည့် ဝန်ကြီးဌာနဖြစ်သည်နှင့်အညီ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် နည်းပညာ၊ ဈေးကွက်နှင့် ငွေကြေးအရင်းအနှီးများရရှိရေး ကြိုးပမ်းဆောင်ရွက်ပေးကြရန်နှင့် ပုဂ္ဂလိကစက်မှုလုပ်ငန်းများအား ကြီးကြပ်စစ်ဆေးဆောင်ရွက်ရာတွင်လည်း စက်ရုံတစ်ရုံချင်းအလိုက် သို့မဟုတ် စက်မှုဇုန်တစ်ခုချင်းအလိုက် စက်စွမ်းအားအသုံးပြုမှုများကိုလည်း လစဉ်၊ နှစ်စဉ် သေချာစွာစာရင်းပြုစုထားရှိရန်၊ သို့မှာသာ စက်စွမ်းအားအသုံးပြုမှုအပေါ်မူတည်၍ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ လျော့နည်းသွားခြင်းတို့ကို တိကျစွာသိရှိနိုင်မည်ဖြစ်၍ စနစ်တကျဆောင်ရွက်ရန်၊ မိမိတို့ဝန်ကြီးဌာနမှ ခေတ်နှင့်လျော်ညီအောင်ပြုစုထားသည့် စက်မှုစစ်ဆေးကြီးကြပ်ခြင်းဆိုင်ရာအချက်များနှင့်အညီ စစ်ဆေးဆောင်ရွက်ရန်၊ ပုဂ္ဂလိကစက်မှုလုပ်ငန်းများကို လုပ်ငန်းအုပ်စု ၂၄ အုပ်စု သတ်မှတ်ခြင်းသည် MSIC Code နှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စက်ရုံများမှတ်ပုံတင်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျစစ်ဆေးရန်၊ ဝန်ထမ်းများ အရည်အသွေးမြင့်မားလာစေရေးအတွက် ဌာနတွင်းကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပေးရန်၊ ဝန်ထမ်းများအနေဖြင့် ဥပဒေအရကြီးကြပ်မှုတာဝန်ယူဆောင်ရွက်ရသော ဌာနနှင့်လျော်ညီသည့် အားလျော်စွာ မိမိကျွမ်းကျင်မှုများကို မြှင့်တင်ဆောင်ရွက်ရန်၊ နိုင်ငံ့ဝန်ထမ်းများပီပီ အများပြည်သူမှ အားထားရသည့် ဝန်ထမ်းကောင်းများဖြစ်စေရေးဝန်ထမ်းကျင့်ဝတ်၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာပြုမူကျင့်ကြံနေထိုင်ကြရန် လမ်းညွှန်မှာကြားပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်