Skip to main content

လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

နေပြည်တော် မတ် ၂၁

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပြုလုပ်သည့် လူသုံးကုန်ပစ္စည်းများထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းများ၊ အမှုထမ်းများ၊ သင်တန်းကြီးကြပ်သူ၊ သင်တန်းနည်းပြ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဤသင်တန်းကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့်နည်းပညာများကို သင်ယူတတ်မြောက်စေရန်၊ နည်းပညာများကို နားလည်တတ်မြောက်ပြီး ကိုယ်ပိုင်အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများကို ထူထောင်နိုင်ကာ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရန်နှင့် ဝန်ထမ်းမိသားစုများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ရာ ယနေ့တွင် သင်တန်းပြီးမြောက် အောင်မြင်သွားပြီဖြစ်ပါကြောင်း၊ ဤသင်တန်းမှ သင်ကြားပေးလိုက်သည့် အခြေခံနည်းပညာများကို လက်ကိုင်ထားပြီး မိမိဘာသာဆန်းသစ်တီထွင်ကာ ပစ္စည်းအရည်အသွေးကို အကောင်းဆုံးနှင့် နည်းစနစ်တကျထုပ်ပိုးပြီး ဈေးကွက်ထိုးဖောက်နိုင်မည်ဆိုပါက အရင်းအနှီးအနည်းဆုံးနှင့် အချိန်တိုတိုအတွင်း စီးပွားဖြစ်နိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းတစ်ရပ်ကို သင်တန်းသား သင်တန်းသူများအားပေးအပ်ပြီးဖြစ်ပါကြောင်း၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအနေဖြင့် သင်တန်းမှ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလိုက်သည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့်နည်းပညာများကို လက်တွေ့အသုံးချပြီး ကိုယ်ပိုင်အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများကို နောင်တစ်ချိန်တွင် ဆက်လက်တည်ထောင်ပြီး မိသားစုဝင်ငွေတိုးပွားရုံသာမက ဌာနနှင့် နိုင်ငံ့ဝင်ငွေတိုးပွားအောင်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းသား သင်တန်းသူများကို သင်တန်းဆင်းလက်မှတ်၊ သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်သည်။

ယင်းနောက် သင်တန်းတွင် ပထမဆုရရှိသည့် သင်တန်းသူကို အမြဲတမ်းအတွင်းဝန်ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် သင်တန်းသူကို တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း၊ တတိယဆုရရှိသည့် သင်တန်းသားကို တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကလည်းကောင်း ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းသား သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။       

ထို့နောက် သင်တန်းသား သင်တန်းသူများက ထုတ်လုပ်ထားသည့် လူသုံးကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုရာ ဆုရရှိကြသည့် သင်တန်းသား သင်တန်းသူများက ထုတ်ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

သတင်းစဉ်