တောင်ကြီး မတ် ၂၀
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးအေးကျော်သည် မတ် ၁၇ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်အတွင်းရှိ ၁၃၂ ကေဗွီ ကလောပင်မ ဓာတ်အားခွဲရုံနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း လက်အောက်ရှိ ၆၆ ကေဗွီနှင့် ၃၃ ကေဗွီ ဓာတ်အားခွဲ ရုံတို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဦးစွာ ၁၃၂ ကေဗွီ ကလော ပင်မဓာတ်အားခွဲရုံကို ကြည့်ရှုစစ်ဆေးစဉ် ဓာတ်အားခွဲရုံမှူးက ဓာတ်အားခွဲရုံဆိုင်ရာ အချက်အလက်များနှင့် ဓာတ်အားပို့လွှတ် ဖြန့်ဖြူးပေးနေမှု အခြေအနေကိုရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ထရန်စဖော်မာဝန်အား စာရင်းကို အမြဲစိစစ်၍ မှတ်တမ်း ထားရှိရန်၊ ဓာတ်အားလွှတ် ပစ္စည်းများကို ပုံမှန်စစ်ဆေး၍ လိုအပ်ပါက ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းတာဝန်များ လစ်ဟင်းမှုမရှိစေရေး လုံခြုံရေးအသိ၊ သတိဖြင့် ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ဝန်ထမ်းများအရည်အသွေး မြှင့်တင်ရေးအတွက် ဌာနတွင်းလုပ်ငန်းခွင်မပျက် သင်တန်းများဖွင့်လှစ်ပို့ချပေးရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။
ထို့နောက် အေးသာယာမြို့နှင့် တောင်ကြီးမြို့သို့ ဓာတ်အား ဖြန့်ဖြူးပေးနေသည့် ၆၆ ကေဗွီ အောင်သပြေဓာတ်အားခွဲရုံနှင့် ၃၃ ကေဗွီ တောင်ကြီး အမှတ်(၁) ဓာတ်အားခွဲရုံတို့သို့ သွားရောက် ကြည့်ရှုစစ်ဆေးရာတာဝန်ရှိသူများက ဓာတ်အားခွဲရုံဆိုင်ရာနှင့် ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရေး ဓာတ်အားခွဲရုံကိုပုံမှန်ထိန်းသိမ်းစစ်ဆေး ပြုပြင်ဆောင်ရွက်သွားရန်၊ မီးဘေးအန္တရာယ်ကာကွယ်ရေး ကြိုတင်ပြင်ဆင်ထားရန်နှင့် ဓာတ်အားခွဲရုံ အတွင်းအပြင် သန့်ရှင်းသာယာလှပရေးဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး သည် Switch Yard အတွင်း ဓာတ်အားလွှတ် ပစ္စည်းများ၏ အခြေအနေနှင့် ဓာတ်အားဖြန့်ဖြူး ပေးနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်း လိုအပ်ချက်များကို မှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်