နေပြည်တော် မတ် ၂၀
နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် မွန်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်နှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက သထုံမြို့ရှိနယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများကို သင်တန်းကျောင်းခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ပြည်နယ် ညွှန်ကြားရေးမှူးက မွန်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ကိုလည်းကောင်း၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ပြည်နယ် တာဝန်ခံအရာရှိက လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းကျောင်းများဖွင့်လှစ် ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများသတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင်ဆောင် ရွက်သွားရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့သားကောင်း၊ သမီးကောင်းများဖြစ်ပေါ်လာစေရေး အလေးထားပြုစုပျိုးထောင် ပေးသွားရန်နှင့် ဝန်ထမ်းရေးရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးမှာကြား၍ သင်တန်းကျောင်းနှင့် သထုံခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေး ရုံးများအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် ယနေ့ နံနက်ပိုင်းတွင် ချောင်းဆုံမြို့နယ်အတွင်း ဒေါင်းဥ ကျေးရွာနှင့် ဒရယ်ကျေးရွာတို့ကိုဆက်သွယ်မည့် ကလွီရွာရှောင်ကွင်းလမ်း ဖောက်လုပ်နိုင်ရေးအတွက် အကြိုအင်ဂျင်နီယာလုပ်ငန်းများ တိုင်းတာဆောင်ရွက် ထားရှိမှုကို ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များနှင့် ဒေသခံများ၏တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်