နေပြည်တော် မတ် ၂၀
ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီများနှင့်တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှဒုတိယဥက္ကဋ္ဌ၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေ ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ညွှန်ကြားရေးမှူးချုပ်၊ UMFCCI ဒုတိယဥက္ကဋ္ဌနှင့် ပို့ကုန်လုပ်ငန်းအမျိုးအစားအလိုက် အသင်းအဖွဲ့များမှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက ယနေ့တွေ့ဆုံရခြင်းမှာ ပို့ကုန် ရငွေပြန်လည်ဝင်ရောက်မှုမရှိသော ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် ဥပဒေနှင့်စည်းမျဉ်းများ၊ ညွှန်ကြားချက်များကို သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးနိုင်ရန်နှင့် အခက်အခဲများကို အပြန်အလှန်ဆွေးနွေးနိုင်ရန် တွေ့ဆုံရခြင်းဖြစ်ကြောင်း။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၁၈-က၊ ပုဒ်မ ၃၈ (ခ)၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်းမျဉ်း အပိုဒ် ၃၅ ၊ ၃၆၊ ၃၇ နှင့် အမိန့်ကြော်ငြာစာအမှတ် (၂၇/ ၂၀၂၁) တို့အရ ပို့ကုန်တင်ပို့သူများအနေဖြင့် အာရှနိုင်ငံများသို့ တင်ပို့သည့်ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ ၄၅ ရက် အတွင်း၌လည်းကောင်း၊ အာရှနိုင်ငံများမှအပအခြားနိုင်ငံများသို့တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း၌ လည်းကောင်း၊ ပို့ကုန်ရငွေများအား နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ ပြန်လည်ဝင်ရောက်ခြင်း ရှိ/မရှိကို ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကုန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းအဖွဲ့တို့မှပူးပေါင်း စိစစ်ကြီးကြပ်လျက်ရှိကြောင်း ဆွေးနွေးသည်။
ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကုန်မြန်ဆန်စေရေး ဗဟိုကော်မတီတွဲဖက်အတွင်းရေး မှူးတို့မှလည်း Export Proceeds ပြန်လည်ဝင်ရောက်ရေးဆောင်ရွက်နေမှုများ၊ နိုင်ငံတော်အနေဖြင့်ပို့ကုန်ရငွေ ပြန်လည်ပေးသွင်းရမည့်ကာလ သတ်မှတ်ချက်ပြင်ဆင်ပေးခဲ့သည့် အခြေအနေများ၊ အစိုးရမှဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းဆွေးနွေးသည်။
ထို့ပြင် ပို့ကုန်ရငွေသည် နိုင်ငံတော်အတွက်အဓိကနိုင်ငံခြားငွေဝင်ရောက်ရာ လမ်းကြောင်းဖြစ်သဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် တည်ငြိမ်စေရေးအတွက် အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်နေကြောင်း၊ ပို့ကုန်တင်ပို့သည့် ကုမ္ပဏီများအနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်းများနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ညွှန်ကြားချက်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ညွှန်ကြားချက်များကို သေချာစွာလိုက်နာမှသာ နိုင်ငံအတွင်း ငွေကြေးစီးဆင်းမှု ပိုမိုချောမွေ့စေမည်ဖြစ်ကြောင်း ဆွေးနွေးကြသည်။
ယင်းနောက် UMFCCI ပို့ကုန်လုပ်ငန်းအမျိုးအစားအလိုက် အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ပို့ကုန်တင်ပို့သည့်ကုမ္ပဏီများမှတာဝန်ရှိသူများက ဝိုင်းဝန်းတင်ပြဆွေးနွေးခဲ့ကြပြီးလက်ရှိတွေ့ကြုံ ရသည့်အခက်အခဲများအား တင်ပြဆွေးနွေးခဲ့မှုအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်