နေပြည်တော် မတ် ၂၀
ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ဖြင့်ရောက်ရှိနေသော တပ်မတော်နှင့်ကျန်းမာရေး ဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများသည် ပေါက်တောမြို့နယ်၊ ပြိုင်းတောင်ကျေးရွာအုပ်စု၊ စိုးမဲကျီကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ခွဲစိတ်ကုသပြီးသော မျက်စိခွဲစိတ်လူနာ ၆ ဦးအား ဆေးရုံရေယာဉ်ပေါ်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများကလိုက်လံကြည့်ရှုအားပေး၍ မျက်စိခွဲစိတ်လူနာများအား မျက်မှန်များတပ်ဆင်ပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကြသည်။ ယင်းနောက် အဆိုပါလူနာများအား စိုးမဲကျီဆိပ်ကမ်းသို့ တပ်မတော်ရေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးသည်။
ဆက်လက်၍ တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) သည် ယနေ့နံနက်ပိုင်းတွင် ပေါက်တောမြို့နယ်၊ ပြိုင်းတောင်ကျေးရွာအုပ်စု၊ စိုးမဲကျီကျေးရွာမှ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့သို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဆက်လက်ထွက်ခွာခဲ့ကြကြောင်း သတင်းရရှိသည်။