နေပြည်တော် မတ် ၁၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ မုံရွာတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများအား တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ မုံရွာတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုများ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် “အင်အား” ဟူသည့်စကားမှာ စကားလုံးတစ်လုံးတည်းသာ ဖြစ်သော်လည်း နိုင်ငံတော်အတွက်၊ တပ်မတော်အတွက် ကောင်းမွန်တိုးတက်သော အပြောင်းအလဲများကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်၍ တပ်တွင်းစည်းလုံးညီညွတ်မှုအား၊ နိုင်ငံအတွင်း စုစည်းညီညွတ်မှုအင်အားများကို မဖြစ်မနေ တည်ဆောက်သွားရမည်ဖြစ်ကြောင်းဖြင့် ဦးစွာပြောကြားသည်။
နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု
ထို့နောက် နိုင်ငံတော်တွင် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးလိုလားလျက်ရှိသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနိုင်ရေးတပ်မတော်မှ ဦးဆောင်ခဲ့သည့် အခြေအနေများနှင့် ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမို ကရေစီစနစ်ကို လျှောက်လှမ်းခဲ့သည့် အခြေအနေများ၊ ဒီမိုကရေစီအစိုးသက်တမ်း ၂ ခုတွင် တပ်မတော်အနေဖြင့် ကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး လိုအပ်သည်များကိုလည်း အကြံပြုခဲ့သည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် မဲမသမာမှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိခဲ့သည့် အခြေအနေများ၊ နိုင်ငံတော်တွင် ဖြစ်ပေါ်လာခဲ့သည့် အခြေအနေများအရ နိုင်ငံတော်ကို နိုင်ငံရေးအရအရေးပေါ် အခြေအနေကြေညာခဲ့ပြီး တပ်မတော်မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရမှု အခြေအနေများ၊ ခေတ်အဆက်ဆက် နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲခဲ့မှု အခြေအနေများနှင့် တပ်မတော်အနေဖြင့် မည်သည့်အစိုးရက အုပ်ချုပ်သည်ဖြစ်စေ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး၊ လုံခြုံရေးနှင့် ပြည်သူလူထုတို့၏ အသက်အိုးအိမ် စည်းစိမ်ကာကွယ်စောင့်ရှောက်ရေးတို့ကို တရားဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရချိန်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်လျက်ရှိသည့် အခက်အခဲများ၊ နိုင်ငံရေးအကြောင်းပြပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားကြသူများ၏ အဖျက်အမှောင့်လုပ်ရပ်များကြားမှ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် မူဝါဒများ၊ ဦးတည်ချက်များချမှတ်၍ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းမှုရရှိရေး၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ် ဖော်ဆောင်ပေးနိုင်ရေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဆက်လက်ပြောကြားရာတွင် တပ်မတော်၏အဓိကတာဝန်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးလာသည့် ပြည်ပအန္တရာယ်များကို ကာကွယ်စောင့်ရှောက်ရန်နှင့် နိုင်ငံနှင့်နိုင်ငံသားတို့၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်ကြောင်း၊ လက်ရှိအခြေအနေတွင် မိမိတို့အနေဖြင့် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ကို ဖော်ဆောင်ပေးရန်နှင့် တစ်နိုင်ငံလုံးငြိမ်းချမ်းမှုရရှိရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိပြီး ဖိအားကင်းစွာဖြင့် မဲပေးနိုင်မှသာလျှင်လွတ်လပ်၍ တရားမျှတသည့်၊ စစ်မှန်သည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်လာမည်ဖြစ်ပြီးဖိအားပေးမှုနှင့် ခြိမ်းခြောက်မှုများမရှိအောင် ဆောင်ရွက်နိုင်မှသာ မဲရလဒ်များမှန်ကန်မည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် မဖြစ်မနေဆောင်ရွက်ပေးရမည့် ကိစ္စတစ်ရပ်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံး ငြိမ်းချမ်းမှုရရှိရေးသည် အဓိကလိုအပ်သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ၎င်းတို့၏လိုလားချက်များ၊ ဖြစ်ချင်သည်များကို နိုင်ငံတော်အတွက် ဖြစ်သင့်ဖြစ်ထိုက်သည်များနှင့် ချိန်ထိုး၍ အကောင်းဆုံးဖြစ်အောင် တပ်မတော်အနေဖြင့် ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီစနစ်တွင် လွှတ်တော်သည် နိုင်ငံရေးအရအမြင့်ဆုံးဖြစ်ပြီး တိုင်းရင်းသားများအနေဖြင့်လည်း မိမိတို့ဒေသ၏ အခွင့်အရေးများကို တရားဥပဒေနှင့်အညီ တောင်းဆိုနိုင်ရေးအတွက် နိုင်ငံရေးစင်မြင့် လွှတ်တော်တွင် ပိုမိုပါဝင်နိုင်ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများအရ နိုင်ငံတော်အတွက် အပြုသဘောဆောင်သည့် ရလဒ်များကို ဖော်ဆောင်နိုင်ခဲ့ပြီး ဆက်လက်၍လည်း အသေးစိတ်ဆွေးနွေးရန် ကျန်ရှိသည်များကို ဆက်လက်ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာ နယ်မြေဒေသများအလိုက် တာဝန်ရှိသူများ အနေဖြင့်လည်း မိမိတို့တာဝန်ထမ်းဆောင်နေရသည့် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
စစ်ရေးစွမ်းရည် ထက်မြက်ရေးနှင့် စည်းကမ်းစနစ်တကျရှိစေရေး
သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် နယ်မြေတည်ငြိမ်အေးချမ်း ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် သင်ကြားပေးထားသည့် စစ်အတတ်ပညာများကို အပြည့်အဝအသုံးချရန်လိုပြီး စစ်ရေးစွမ်းရည် ထက်မြက်နေရန်အတွက် အမြဲမပြတ်လေ့ကျင့် ဆောင်ရွက်နေရန်လိုကြောင်း၊ တပ်မတော်သားများ အားလုံးသည် တတ်မြောက်ရမည့် အခြေခံစစ်ပညာသင်တန်းများကို သင်ကြားပြီးမြောက်ပြီးဖြစ်ကြောင်း၊ မိမိတို့တစ်ဦးချင်း သင်ယူတတ်မြောက်ထားသည့် စစ်နည်းဗျူဟာများနှင့် စစ်အတတ်ပညာများကို အပြည့်အဝ အသုံးချမှသာ စစ်မြေပြင်တွင် ထိခိုက်မှု နည်းပါးစေမည်ဖြစ်ကြောင်း၊ စစ်အတတ်ပညာများ အမြဲအသုံးချနိုင်ရေး Fit For Duty ဖြစ်အောင် နေ့စဉ်ဆောင်ရွက်ရမည့် သမားစဉ်လုပ်ငန်းများကို မှန်မှန်ကန်ကန် လုပ်ဆောင်နေရန်လိုကြောင်း၊ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rule of Engagement) ကို လိုက်နာပြီး စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးပင်ဖြစ်၍ ချမှတ်ထားသည့် စည်းကမ်းနှင့်အညီနေထိုင်ခြင်းသည် မိမိကိုယ်ကို စစ်သားကောင်းတစ်ဦးအဖြစ် ပုံဖော်နေခြင်းပင်ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်သည်တစ်ဦးချင်းအနေဖြင့် အလေးထားလိုက်နာဆောင်ရွက်ကြရန်လိုကြောင်း။
မည်သည့်လုပ်ငန်းကို ဆောင်ရွက်သည်ဖြစ်စေ ကြိုးစားအားထုတ်၍ ဆောင်ရွက်ပါက အောင်မြင်နိုင်မည် ဖြစ်သဖြင့် ကြိုးစားအားထုတ်လုပ်ဆောင်တတ်သည့် “အား” ကို မွေးမြူဆောင်ရွက်ကြရန်လိုကြောင်း၊ တပ်တွင်းစည်းလုံးညီညွတ်မှုရှိမှသာလျင် တပ်အတွင်း၌ စုစည်းညီညွတ်သည့် “အား” တစ်ခုကို ဖော်ဆောင်နိုင်မည်ဖြစ်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှုများ ရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်တွင်းစည်းလုံးညီညွတ်ရေးအတွက် အလေးထားဆောင်ရွက်ရန်နှင့် ညီညွတ်မျှတသည့် အုပ်ချုပ်မှုစနစ်ရှိမှသာလျှင် တပ်တွင်းစည်းလုံးညီညွတ်မှုအား ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ စစ်သည်တစ်ဦးချင်းအနေဖြင့် မိမိကိုယ်ကို သစ္စာရှိရန်၊ မိမိ မိသားစုအပေါ် သစ္စာရှိရန်၊ မိမိတို့၏ လုပ်ဖော်ကိုင်ဖက်အချင်းချင်းအပေါ် သစ္စာရှိရန်၊ တပ်မတော်နှင့် နိုင်ငံတော်အပေါ် သစ္စာရှိရန်အတွက် စောင့်ထိန်းကြရန်လိုကြောင်း၊ “တပ်မတော်၏အား” “နိုင်ငံတော်၏အား” မြှင့်တင်နိုင်မည့်ကိစ္စရပ်များကို လုပ်ဆောင်ကြရန်နှင့် နိုင်ငံတော်၏ အကျိုးအတွက် အမြင်ကျယ်ကျယ်ဖြင့် စဉ်းစားဆောင်ရွက်ကြစေလိုကြောင်း။
ပညာရည်မြှင့်တင်ရေး အားပေးဆောင်ရွက်ကြရန်လို
ထို့ပြင် လူတစ်ဦး၊ ဒေသတစ်ခု၊ နိုင်ငံတစ်ခု ဖွံဖြိုးတိုးတက်ရေးအတွက် အသိပညာအတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများရှိရန် မဖြစ်မနေလိုအပ်ကြောင်း၊ ထို့ကြောင့် အရာရှိ၊ စစ်သည် မိသားစုများအနေဖြင့်လည်း မိမိတို့အတွက် ဗဟုသုတများတိုးပွားစေနိုင်သည့် စာပေများကို လေ့လာဖတ်မှတ်ခြင်းများကို အမြဲမပြတ်ဆောင်ရွက်မည်ဆိုပါက တစ်ဦးချင်း၏အကျိုးကို ဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း၊ နွေရာသီကျောင်းပိတ်ရက်အတွင်း မိမိတို့၏ ကလေးငယ်များ အချိန်ကို အကျိုးရှိစွာအသုံးချနိုင်ရန်အတွက် သင်ကြားခဲ့ရသည့် ကျောင်းစာများကို ပြန်လည်ဖတ်ရှုလေ့လာခြင်း၊ ယဉ်ကျေးလိမ္မာသင်တန်းများ၊ ကွန်ပျူတာအခြေခံသင်တန်းများနှင့် အခြားသောနွေရာသီသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးရန်လိုကြောင်း၊ မိမိတို့၏သားသမီးများ လမ်းမမှားစေရေး ထိန်းကြောင်းပေးရန်လိုသကဲ့သို့ မိမိတို့ကိုယ်တိုင်လည်း အသိ၊ သတိဖြင့်နေထိုင်ဆောင်ရွက်ရန်လိုကြောင်း။
အသောက်အစား၊ အပျော်အပါးနှင့် လောင်းကစားမှုများကို တစ်ဦးချင်း အသိ၊ သတိဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရန်လို
မိမိအတွက် အကျိုးမရှိစေနိုင်သည့် အသောက်အစား အပျော်အပါးများကို ရှောင်ရှားကြရန်လိုကြောင်း၊ ဆေးလိပ်၊ အရက်နှင့်ကွမ်းတို့ကို သုံးစွဲခြင်းသည် မိမိတို့တစ်ဦးချင်းနှင့် ပတ်ဝန်းကျင်၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်သာမက လူမှုစီးပွားကိုလည်း ထိခိုက်စေနိုင်ကြောင်း၊ မိမိတို့တစ်ဦးတစ်ယောက်ချင်းစီ၏ ဆင်ခြင်မှုတရားမဲ့စွာဖြင့် သောက်စားပျော်ပါးခြင်း၊ လောင်းကစားခြင်းများကြောင့် မိသားစု၏စားဝတ်နေရေးကို ထိခိုက်စေနိုင်သဖြင့် တစ်ဦးချင်းအသိစိတ်ဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လောင်းကစားပြုလုပ်ခြင်းများကို လုံးဝရှောင်ကြဉ်ကြရန်လိုပြီး သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
သက်သာချောင်ချိရေး ဆောင်ရွက်ပေးလျက်ရှိမှု
သက်သာချောင်ချိရေးနှင့်ပတ်သက်၍ မိမိကိုယ်ကိုမိမိဆောင်ရွက်သည့် သက်သာချောင်ချိရေးနှင့် အထက်မှဆောင်ရွက်ပေးသည့် သက်သာချောင်ချိရေးဟူ၍ရှိကြောင်း၊ မိမိတို့သက်သာချောင်ချိရေးအတွက် တစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို တတ်နိုင်သမျှဆောင်ရွက်ရန်လိုပြီး ထိုသို့ဆောင်ရွက်ခြင်းဖြင့် မိသားစု၏ အသုံးစရိတ်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ကြောင်း၊ တပ်ပိုင်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများသည် တပ်မတော်သားမိသားစုဝင်များ၏ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကျိုးအမြတ်အတွက် ဆောင်ရွက်နေခြင်း မဟုတ်ကြောင်း၊ ထို့ကြောင့် တပ်ပိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို စနစ်တကျဖြင့် အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန် လိုကြောင်း၊ တပ်မတော်သား မိသားစုများ၏ သက်သာချောင်ချိမှုမှပိုလျှံသည့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများ၊ ဒေသခံပြည်သူများကိုလည်း ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်သည့်အတွက် တပ်တွင်းသက်သာချောင်ချိရေးကိုသာမက နိုင်ငံတော်အတွက်လည်း တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုလျက်ရှိသည်ကို တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် အရာရှိ၊ စစ်သည်တစ်ဦးချင်း အဆင့်အလိုက် ရသင့်ရထိုက်သည့် ရပိုင်ခွင့်များနှင့် အခွင့်အရေးများကို နေရေး၊ စားရေး၊ ဝတ်ရေးတို့မှအစ တတ်နိုင်သရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ ထို့ပြင် စစ်သည်တစ်ဦးချင်းအတွက် အကျိုးကို ခိုင်မာစွာဖြစ်ပေါ်စေနိုင်ပြီး စဉ်ဆက်မပြတ်သော အမြတ်ငွေများ နှစ်စဉ်ရရှိစေနိုင်သည့် မြန်မာ့စီးပွားရေး ဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် အစုရှယ်ယာထည့်ဝင်ခြင်းများကို ဆောင်ရွက်နိုင်ရေးအတွက်လည်း အခွင့်အလမ်းကောင်းများဖော်ဆောင် ပေးထားပြီးဖြစ်ကြောင်း၊ စစ်သည်တစ်ဦးတစ်ယောက်ချင်း၏အကျိုးကို မျှော်တွေး၍ ဆောင်ရွက်ပေးထားခြင်းဖြစ်သဖြင့် မိမိတို့၏ကိုယ်ပိုင်စဉ်းစားဆင်ခြင်မှုများဖြင့် ရေရှည်ကိုကြည့်ကာ ဆောင်ရွက်ကြရန်တိုက်တွန်းလိုကြောင်း။
တပ်မတော်မှ စနစ်တကျတွက်ချက်ထုတ်ပေးထားသည့် ရိက္ခာများကို အရာရှိ၊ စစ်သည်များအားလုံး ပြည့်ဝစွာစားသုံးရန်လိုကြောင်း၊ သို့မှသာ ကျန်းမာကြံ့ခိုင်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်တွင်းသက်သာ ချောင်ချိရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြရန် လိုကြောင်း၊ စစ်သည်၊ မိသားစုတစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှု ကောင်းမွန်စွာဖြင့် ဆောင်ရွက်တတ်သည့ “အား” ကို မွေးမြူဆောင်ရွက်နိုင်မည်ဆိုပါက တပ်တွင်းစည်းလုံး ညီညွတ်မှုကို ဖြစ်ထွန်းစေပြီး အောင်မြင်မှုများကို ရရှိနိုင်မည်ဖြစ်သည့်အတွက် စုစည်းညီညွတ်သည့် “အား” များ ရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ တိုင်းမှူးကလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ တိုင်းမှူး၏ ဇနီးကလည်းကောင်း အသီးသီး လက်ခံရယူကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တင်ပြချက်များကို လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် တိုင်းစစ်ဌာနချုပ် ပေါင်းစည်းလယ်ယာသို့ရောက်ရှိစစ်ဆေးရာ ဦးစွာရှင်းလင်းဆောင်၌ တိုင်းမှူးက တိုင်းစစ်ဌာနချုပ်အတွင်း တပ်ပိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်၍ ဥစားကြက်၊ အသားစားကြက်၊ DYL ဝက်၊ ဆိတ်၊ အသားတိုးနွား၊ နိုးစားနွားနှင့် ကာကီကင်းဘဲများမွေးမြူခြင်း၊ Green House ဖြင့် ရာသီသီးနှံများစိုက်ပျိုးထားရှိမှုနှင့် တစ်သျှူးငှက်ပျောများစိုက်ပျိုးထားရှိမှု၊ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် အသား၊ ငါး၊ နို့နှင့် ဟင်းသီးဟင်းရွက်များကို အရာရှိ၊ စစ်သည်မိသားစုများထံ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥစားကြက်၊ အသားစားကြက်များမွေးမြူရာတွင် အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ရန်လိုသကဲ့သို့ ကြက်များမွေးမြူရာတွင် နည်းစနစ်တကျဖြင့် မွေးမြူရန်လိုကြောင်း၊ စစ်သည်များ အာဟာရပြည့်ဝစွာဖြင့် စားသုံးနိုင်ရေးအသားစားနွားများကို အောင်မြင်အောင်ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ နို့စားနွားများကိုလည်း ဖြစ်ထွန်းအောင်စနစ်တကျ မွေးမြူရန်လိုကြောင်း၊ ငါးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း စားသုံးမှုကို အမှန်တကယ်အထောက် အကူပြုစေမည့် ငါးမျိုးများကိုသာစိုက်ထည့်မွေးမြူရန်လိုကြောင်း၊ Green House များဖြင့် သီးနှံများစိုက်ပျိုးရာတွင်လည်း ဒေသတွင်ကောင်းမွန်စွာ ထွက်ရှိမှုမရှိသော အသီးအနှံများကိုသာ စိုက်ပျိုးရန်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း ၄ မျိုးစလုံး ပြည့်စုံအောင် ဆောင်ရွက်နိုင်မှသာ အထွက်နှုန်းများတိုးတက် ကောင်းမွန်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လူနည်းစုအတွက် ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ လူအများစားသုံးနိုင်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုသာ ဆောင်ရွက်ရန်လိုကြောင်းဖြင့် မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ် စုပေါင်းလယ်ယာအတွင်း စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ယနေ့နံနက်ပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် မုံရွာမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ရောက်ရှိကြရာ ဆေးရုံမှတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များက နိုင်ငံတော်တည်ငြိမ်ရေး၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတာဝန်များကို ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်တစ်ဦးချင်း၏ ထိခိုက်ဒဏ်ရာရရှိမှု၊ ဆေးကုသပေးထားမှုနှင့် တိုးတက်ကောင်းမွန်လာမှု အခြေအနေများကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးနှင့်အဖွဲ့ဝင်များက ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူများ၏ ကျန်းမာရေးအခြေအနေများကိုလည်းကောင်း တစ်ဦးချင်း ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကားပြောကြားကာ ၎င်းတို့၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။