Skip to main content

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ရန်ကုန်မြို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဌာနများ၏ လုပ်ငန်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မရမ်းကုန်းမြို့နယ် (၈) မိုင်လမ်းဆုံအနီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဝန်ဆောင်မှုဌာနနှင့် လုပ်ငန်းလည်ပတ်မှုဌာန၊ ဘုရင့်နောင် Data Center တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် မရမ်းကုန်းမြို့နယ် (၈)မိုင်လမ်းဆုံ အနီးရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဝန်ဆောင်မှုဌာနနှင့် လုပ်ငန်းလည်ပတ်မှုဌာနသို့ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများက ဌာနအလိုက်လုပ်ငန်းဆောင်ရွက်မှု၊ ဆက်သွယ်မှုမပြတ်တောက်စေရေးအတွက် စီစဉ်ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းသည် ပြည်သူများ၏ နေ့စဉ်လူမှုဘဝအတွက် အလွန်အရေးကြီးပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ချို့ယွင်းမှုများဖြစ်ပေါ်ပါက ဝန်ဆောင်မှုများ ပြတ်တောက်မှုမရှိစေရေးအတွက် လိုအပ်သည့် အရန်စနစ်များ၊ အရန်ဆက်ကြောင်းများ၊ အရန် စက်ပစ္စည်းများ အဆင်သင့်ဖြစ်စေရေး တပ်ဆင်တည်ဆောက်ထားရှိရန် လိုအပ်ကြောင်း၊ မီးဘေးအန္တရာယ်များ မဖြစ်ပေါ်စေရေးအတွက်လည်း လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ထားရှိရန် လိုအပ်သကဲ့သို့ ဖြစ်ပေါ်လာပါကလည်း စနစ်တကျငြှိမ်းသတ်မှု ဆောင်ရွက်နိုင်ရန် လိုအပ်သော မီးငြှိမ်းသတ်ရေးပစ္စည်းများ အဆင်သင့်ထားရှိရန်နှင့် လက်တွေ့သုံးစွဲနိုင်ရေး ကြိုတင်ဇာတ်တိုက် လေ့ကျင့်ထားရှိမှုများလည်း လိုအပ်မည်ဖြစ်ကြောင်း မှာကြားသည်။

ထို့အပြင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းတစ်ရပ်ဖြစ်သဖြင့် နိုင်ငံတော်အတွက်ဝင်ငွေတိုးမြှင့်ရရှိရေးကို အထူးကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သကဲ့သို့ နိုင်ငံတော်၏ဆက်သွယ်ရေး လိုအပ်ချက်များကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး အစဉ်ကြိုးပမ်းဆောင် ရွက်သွားရန် မှာကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဝန်ဆောင်မှုဌာနနှင့် လုပ်ငန်းလည်ပတ်မှုဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု၊ စက်ပစ္စည်းများ တပ်ဆင်အသုံးပြု ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဘုရင့်နောင် Data Center သို့ရောက်ရှိရာ တာဝန်ရှိသူများက အသစ်တည်ဆောက် တပ်ဆင်ထားသည့် Data Center နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယနေ့ခေတ်သည် သတင်းအချက်အလက် နည်းပညာခေတ် ဖြစ်သည်နှင့်အညီ Data အသုံးပြုမှုများ တိုးတက်လျက်ရှိကြောင်း၊ Data အချက်အလက်များကို ၂၄ နာရီ ပြတ်တောက်မှုမရှိစေဘဲ အသုံးပြုရရှိနိုင်ရေး ထိရောက်သော ဝန်ဆောင်မှုပေးရန် လိုအပ်ကြောင်း၊ အချက်အလက်များ၏ လုံခြုံရေးနှင့် Data Center ၏ လုံခြုံရေးစနစ်ကို အဆင့်မြင့်စွာ စီမံဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်လာသည့် စီးပွားရေး၊ စီမံအုပ်ချုပ်ရေး၊ လူမှုရေးကဏ္ဍ အသီးသီးအတွက် အနာဂတ်တွင် Data Center သုံးစွဲမှု ပိုမိုလိုအပ်လာနိုင်မည်ကိုပါ ထည့်သွင်းစဉ်းစား သုံးသပ်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ စက်ပစ္စည်း များ အစဉ်ကောင်းမွန်စေရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းမှုများကို သတ်မှတ် ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း မှာကြားခဲ့ပြီး တာဝန်ထမ်းဆောင် နေကြသော ဝန်ထမ်းများကို စားသောက်ဖွယ် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်