နေပြည်တော် မတ် ၁၇
မျိုးဆက်သစ် ရေကူးအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီအခြေခံရေကူးသင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ကျင်းပသည်၊။
အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက နွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသားလူငယ်များအနေဖြင့် အားကစားနည်းအခြေခံများကို လေ့လာလိုက်စားခြင်းဖြင့်အချိန်ကို အကျိုးရှိစွာအသုံးပြုတတ်စေရေးနှင့် ကျန်းမာကြံ့ခိုင်ပြီးအရည်အသွေးမြင့်မားသည့် အားကစားမောင်မယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားကျောင်းသား ကျောင်းသူများနှင့် အများပြည်သူများ ရေကူးလေ့ကျင့်နိုင်စေရန်အတွက် ဝဏ္ဏသိဒ္ဓိရေကူးအသင်းကိုပါ ဖွင့်လှစ်ထားပြီးဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှရရှိခဲ့သည့် နည်းစနစ်ပိုင်းနှင့် ကျွမ်းကျင်မှုကိုအခြေခံပြီး အဆင့်မြင့် အားကစားပညာရပ်များကို ဆက်လက်လေ့လာလိုက်စားသွားကြရန်နှင့် ရေကူးအားကစားနည်းဖြင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရယူပြီး နိုင်ငံ့ဂုဏ်ကိုမြှင့်တင်နိုင်သည့် ရေကူးအားကစားသမားကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ အသက်(၁၆)နှစ်နှင့်အထက် (အမျိုးသား/အမျိုးသမီး) ရေကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများနှင့် သင်တန်းဆင်းလက်မှတ်များကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း၊ အသက်(၁၂)နှစ်နှင့်အောက် (အမျိုးသား/အမျိုးသမီး)ရေကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများနှင့် သင်တန်းနည်းပြများကို ဒုတိယဝန်ကြီး ဦးမျိုးလှိုင်ကလည်းကောင်း၊ အသက်(၁၂)နှစ်နှင့်အထက် (အမျိုးသား/ အမျိုးသမီး) ရေကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသူများကို ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ပြီး သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးနှင့် သင်တန်းသူတစ်ဦးတို့က လက်ခံရယူသည်။
အဆိုပါ နွေရာသီအခြေခံရေကူးသင်တန်း အမှတ်စဉ်(၁/၂၀၂၃)ကို ဝဏ္ဏသိဒ္ဓိရေကူးကန်၌ ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁၇ ရက်အထိ သင်တန်း သား သင်တန်းသူ ၁၁၃ဦးဖြင့် ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် (နေပြည်တော်)တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားနည်းများအနက်မှ ပိုက်ကျော်ခြင်း အားကစားသမားများ၊ ဝူရှူးအားကစားသမားများ၊ ဗိုဗီနမ်အားကစားသမားများ၊ ရိုးရာခြင်းလုံးအားကစားသမားများ၊ အားနစ်အားကစားသမားများ၊ ဘော်လီဘောအားကစားသမားများ၏ လေ့ကျင့်နေမှုနှင့်စားရိပ်သာ၊ အားကစားဆေးဘက်ဌာနခွဲများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်