နေပြည်တော် မတ် ၁၇
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme(KSP) သောကြာနေ့စကားဝိုင်း၏ အမှတ်စဉ်(၇)ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
တက်ရောက်
ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မိမိတို့ဝန်ကြီးဌာန၌ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက် အသိပညာမျှဝေဆွေးနွေးပွဲ(သောကြာနေ့စကားဝိုင်း)ကို အပတ်စဉ်ကျင်းပပေးလျက်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို သိရှိနားလည်ရုံသာမက မိမိတို့နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ရင်းနှီးမြှုပ်နှံသူများ နားလည်သဘောပေါက်စေရန်၊ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုရရန်နှင့်ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်နိုင်ရေး ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံသူများကို အကာအကွယ်ပေးခြင်း၊ ရင်းနှီး မြှုပ်နှံမှုမြှင့်တင်နိုင်ခြင်းကို သိရှိနားလည်ရန်လိုအပ်ကြောင်း၊ ယနေ့မျှဝေဆွေးနွေးမည့် “ရန်ကုန်တိုင်းဒေသကြီး၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆန်းစစ်လေ့လာခြင်း”ခေါင်းစဉ်အရ မိမိတို့နိုင်ငံ၏ စီးပွားရေးအချက်အချာကျသည့် ရန်ကုန်အတွင်း နိုင်ငံ၏ ထုတ်လုပ်နိုင်စွမ်းတိုးတက်စေရေးနှင့် နိုင်ငံ၏စုစုပေါင်းပြည်တွင်းထုတ်ကုန်(GDP) တိုးတက်စေရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို မည်ကဲ့သို့ဆွဲဆောင်နိုင်မည်၊ ရင်းနှီးမြှုပ်နှံမှုများကို မည်ကဲ့သို့ဆောင်ရွက်နိုင်မည်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးကဏ္ဍများကို မည်ကဲ့သို့မြှင့်တင်နိုင်မည်စသည့် အသိအမြင်များကိုရရှိစေမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးတိုးတက်လာမှုနှင့်အတူ အုပ်ချုပ်ရေး၊ လူမှုရေးနှင့်နိုင်ငံတကာဆက်ဆံရေးအပါအဝင် အပြည်ပြည်ဆိုင်ရာစီးပွားဆက်သွယ်ရေးဆိုင်ရာ အခန်းကဏ္ဍများကို ပိုမိုကျယ်ပြန့်စွာ သိရှိနားလည်နိုင်စေရန်နှင့် ပါဝင်ဆွေးနွေးသွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦးက “ရန်ကုန် တိုင်းဒေသကြီး၏ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုအခြေအနေများ၊ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုအား ဆန်းစစ်လေ့လာဆောင်ရွက်ခြင်း” ခေါင်းစဉ်ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်