Skip to main content

နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၆) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားများကျင်းပ

နေပြည်တော် မတ် ၁၇

နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၆) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော် တပ်ကုန်းမြို့နယ် မစိုးရိမ်ကျောင်းတိုက် ဩဝါဒစရိယ ဆရာတော်ဦးကောသလ္လ အမှူးပြုသော သံဃာတော်အရှင်သူမြတ်ငါးပါးတို့ ကြွရောက်တော်မူကြပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်းနှင့် အမှုထမ်းများက တက်ရောက်ကြည်ညိုခဲ့သည်။

အခမ်းအနားတွင် တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ငါးပါးသီလခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။

ထို့နောက် သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ညနေပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ညစာစားပွဲ၊ ပျော်ပွဲရွှင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားတို့ကို ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ၁၉၄၇ ခုနှစ် မတ် ၁၇ ရက်ကို နိုင်ငံခြားရေးဝန်ကြီးဌာန စတင်တည်ထောင်သောနေ့အဖြစ် သတ်မှတ်ခဲ့ရာ ယခုနှစ်တွင် (၇၆) နှစ်မြောက်နှစ်ပတ်လည် အခါသမယသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြပါရှိသည့် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် ချမှတ်ထားသည့် နိုင်ငံခြားရေးမူဝါဒနှင့်အညီ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံတကာရေးရာများတွင် နိုင်ငံအားလုံး တန်းတူရည်တူရှိမှုနှင့် မိတ်ဝတ်မပျက်မိတ်ဆွေအဖြစ် ဆက်ဆံရေးတို့ကို အလေးအနက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့မိသားစုဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် ခိုင်မာစွာရပ်တည်ပြီး ချမှတ်ထားသော နိုင်ငံခြားရေးမူဝါဒနှင့်အညီ နိုင်ငံတော်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားအကျိုးစီးပွား အပေါ် ရပ်တည်ကာကွယ်သွားရန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာနတို့၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းတိုင်း၏ တာဝန်ဖြစ်ကြောင်း။

ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသောမူဝါဒများကို သိရှိလိုက်နာရန်လိုအပ်ပြီး တစ်ဦးချင်း ကိုယ်ရည် ကိုယ်သွေးမြင့်မားတိုးတက်အောင် တည်ဆောက်နေကြရန်အရေးကြီးကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများ လုပ်ငန်းအောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန်အတွက် အတွေ့အကြုံ၊ ဗဟုသုတပြည့်စုံရန်သာမက လုပ်ငန်းခွင်သာယာ ပျော်ရွှင်ရေးအတွက်လည်း ပံ့ပိုးပေးလျက်ရှိကြောင်း၊ နိဂုံးချုပ်အနေဖြင့် နိုင်ငံ့ဝန်ထမ်းဘဝအဖြစ် စတင်ခံယူစဉ်ကတည်းက မိမိတိုင်းပြည်အတွက် နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းရွက်သွားရန် သန္နိဋ္ဌာန်ချမှတ်ပြီးဖြစ်သည့် အားလျော်စွာ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ ကျင့်ဝတ်နှင့် စည်းမျဉ်း စည်းကမ်းများကို စောင့်ထိန်းလိုက်နာပြီး နိုင်ငံရေးအရောင် အသွေးကင်းရှင်းစွာဖြင့် နိုင်ငံ၏အုပ်ချုပ်ရေးယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ဆက်လက်ကြိုးစားကြရန် တိုက်တွန်းအပ်ပါကြောင်း မှာကြားသည်။

ထို့နောက် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်၊ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်တို့၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ၊ ဇန်နဝါရီလအတွင်း ဝန်ကြီးဌာနတွင်း ကျင်းပခဲ့သည့် အားကစားပြိုင်ပွဲများ၊ လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲများနှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများ၊ သီချင်းဆိုပြိုင်ပွဲ၌ ဆုရရှိခဲ့ကြသည့် ဝန်ထမ်းများကို ဆုများချီးမြှင့်ခြင်း၊ ဝန်ထမ်းများအတွက် နိုင်ငံခြားရေးဝန်ကြီး ဌာန၏ (၇၆)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်ကို ဂုဏ်ပြုသည့်အနေဖြင့် အထူးဆုမဲ ၇၆ ဆု အပါအဝင် ဗလာမပါကံစမ်းမဲများ မဲဖောက်ခြင်းတို့ဖြင့် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များက ဝန်ထမ်းများနှင့် အတူတကွ ညစာသုံးဆောင်ခဲ့ကြပြီး ညစာသုံးဆောင်နေစဉ် ဝါသနာရှင်ဝန်ထမ်းများက ကာရာအိုကေ တေးသံသာများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်