နေပြည်တော် မတ် ၁၇
(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသေးစားစက်မှုလက်မှုထုတ်ကုန်နှင့် ထုပ်ပိုးမှုဆိုင်ရာစက်ပစ္စည်းများပြပွဲ၊ ပြိုင်ပွဲ၊ ဆွေးနွေးပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဥပ္ပါတသန္တိစေတီတောင်ဘက်မုခ်ရှေ့ရှိ တပေါင်းကွင်း၌ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲကို အသေးစားစက်မှုလက်မှုလုပ်ငန်းများ အားပေးမြှင့်တင်ရန်နှင့် ဈေးကွက်ဖော်ဆောင်ပေးရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းသုံးနှင့် ထုပ်ပိုးမှုဆိုင်ရာစက်ပစ္စည်းများအား အသေးစားလုပ်ငန်းရှင်များမှ လေ့လာနိုင်စေရန်နှင့် ဒေသထွက်ကုန်ကြမ်းများကိုအခြေခံပြီး မိသားစုဝင်ငွေတိုးပွားစေမည့် တစ်နိုင်တစ်ပိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အသေးစားစက်မှု လက်မှုထုတ်ကုန်နှင့် ထုပ်ပိုးမှုဆိုင်ရာစက်ပစ္စည်းများ ပြပွဲ၊ ပြိုင်ပွဲ၊ ဆွေးနွေးပွဲနှင့် ဈေးရောင်းပွဲ(နေပြည်တော်)ကို ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်သောပြပွဲတွင် ယွန်း၊ ရက်ကန်း၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း စသည့်ထုတ်ကုန်အမျိုးအစားအလိုက် ပြိုင်ပွဲများကျင်းပပြီး ဆုများရွေးချယ်ချီးမြှင့်ပေးသွားမည်ဖြစ်သည့်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက စက်မှုဝန်ကြီးဌာနအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSME)ကို ဒေသအတွင်း စီးပွားရေးကွန်ရက်အတွင်း၌ တီထွင်ဆန်းသစ်မှုနှင့် ယှဉ်ပြိုင်မှုစွမ်းရည်ကောင်းများ မြင့်မားလာပြီး နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများတိုးပွားရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ MSME စီးပွားရေး လုပ်ငန်းများအနေဖြင့် ယခုကဲ့သို့ ဈေးကွက်ရရှိအောင် ဆောင်ရွက်ပေးသည့် ပြပွဲ၊ ပြိုင်ပွဲ၊ ဈေးရောင်းပွဲများတွင် ပါဝင်ပြသရောင်းချခြင်းဖြင့် စီးပွားရေးအရ အသိပညာများ ပိုမိုကြွယ်ဝလာပြီး မိမိတို့၏စီးပွားရေးလုပ်ငန်းများကို စီမံရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က ပြည်ထောင်စုနယ်မြေအတွင်းရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်ရရှိရေး၊ လိုအပ်သည့် နည်းပညာပံ့ပိုးကူညီပေးနိုင်ရေး၊ ခေတ်မီစက်ကိရိယာများ အသုံးပြုနိုင်ရေးတို့ကိုလည်း ကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ကြည့်ရှုအားပေး
ထို့နောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးနှင့် နေပြည်တော် MSME Association ဥက္ကဋ္ဌ ဦးကျော်စွာဝင်းတို့က ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် “အသေးစားစက်မှုလက်မှု ထုတ်ကုန်နှင့် ထုပ်ပိုးမှုဆိုင်ရာစက်ပစ္စည်းများပြပွဲ၊ ပြိုင်ပွဲ၊ ဆွေးနွေးပွဲနှင့် ဈေးရောင်းပွဲ” အတွင်းရှိ ဆိုင်ခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ခင်းကျင်းပြသရောင်းချသွားမည်
အဆိုပါ ပြပွဲ၊ ပြိုင်ပွဲ၊ ဆွေးနွေးပွဲနှင့် ဈေးရောင်းပွဲ၌ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များမှ အသေးစားစက်မှုလက်မှုဆိုင်ရာ ယွန်း၊ ရက်ကန်းနှင့် စားသောက်ကုန်၊ လူသုံးကုန်ဆိုင်ရာထုတ်ကုန်ပြခန်းပေါင်း ၄၉ ခန်းနှင့် ထုပ်ပိုးမှုဆိုင်ရာ စက်ပစ္စည်းပြခန်း ၁၇ ခန်း စုစုပေါင်းပြခန်း ၆၆ ခန်း ကို မတ် ၁၇ ရက်မှ ၁၉ ရက်အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၅ နာရီခွဲအထိ ခင်းကျင်းပြသရောင်းချ သွားမည်ဖြစ်၍ မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးဝယ်ယူနိုင်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် နေပြည်တော်ရှိ ရုံးအမှတ်(၁၆) ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ စာတမ်းရှင်ခြောက်ဦးနှင့် ပြင်ပမှ MSME လုပ်ငန်းရှင်နှစ်ဦးတို့၏ စားသောက် ကုန်၊ လူသုံးကုန်၊ အလှကုန်၊ ယွန်း၊ ရက်ကန်းနှင့် ထုပ်ပိုးမှုပညာရပ်ဆိုင်ရာ စာတမ်းများဖြစ်သည့် ကြက်သွန်နီအခြေခံတန်ဖိုးမြှင့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာစာတမ်း၊ လက်ငင်ချည်ထုတ်လုပ်သုံးစွဲမှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သုတေသနစာတမ်း၊ The Future of Packaging စာတမ်း၊ ထုပ်ပိုးမှုဖြင့် ဈေးကွက်ချဲ့ထွင်ခြင်းစာတမ်း၊ Vacuum Freeze Dryer အသုံးပြု၍ တန်ဖိုးမြှင့် သဘာဝသစ်သီးခြောက်များ စမ်းသပ်ထုတ်လုပ်ခြင်း၊ ထောပတ်သီးမှအဆီ အနှစ် (Oil Extract) များ ထုတ်ယူ၍ Herbal Cosmetic အလှကုန်ပစ္စည်းများ စမ်းသပ်သုတေသနပြုလုပ်ခြင်း၊ မြန်မာ့သစ်စေးအကြောင်းကို လေ့လာခြင်းနှင့် စမ်းသပ်သုတေသနပြုလုပ်ခြင်း၊ ပဲပုပ်မှ စားသောက်ကုန်များ သုတေသနပြုစမ်းသပ်ထုတ်လုပ်ခြင်း စာတမ်းဖတ်ကြားပွဲကို တက်ရောက်အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်