နေပြည်တော် မတ် ၁၆
မြန်မာနိုင်ငံရှိသံသတ္တုရိုင်းထွက်ရှိရာဒေသများနှင့် အသုံးပြုနိုင်သည့်သံနှင့်သံမဏိ ထုတ်လုပ်သည့်နည်းစဉ်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် သစ်/ဝါး ပေါက်ရောက်မှု အခြေအနေများအပေါ်မူတည်၍ ပျော့ဖတ်စက်ရုံများ တည်ထောင်နိုင်ရေးတို့နှင့် စပ်လျဉ်းသည့်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ယခုအချိန်တွင် မြန်မာနိုင်ငံ၏သံနှင့်သံမဏိ ထုတ်လုပ်မှုလုပ်ငန်းသည် နိုင်ငံပိုင်အနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာနတွင် စက်ရုံတစ်ရုံ၊ စက်မှုဝန်ကြီးဌာနတွင် စက်ရုံနှစ်ရုံနှင့် မြန်မာ စီးပွားရေးကော်ပိုရေးရှင်းတွင် စက်ရုံသုံးရုံရှိကြောင်း၊ ပုဂ္ဂလိကအနေဖြင့် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်တို့တွင် ပုဂ္ဂလိကစက်မှုလုပ်ငန်း မှတ်ပုံတင်ပြုလုပ်ထားသည့် သံရည်ကျိုလုပ်ငန်းပေါင်း ၃၆၂ ခုတို့ဖြင့် မြန်မာနိုင်ငံ၏ သံနှင့်သံမဏိ လိုအပ်ချက်ကိုဖြည့်ဆည်းဆောင် ရွက်ပေးလျက်ရှိပြီး သံနှင့်သံမဏိထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိကြောင်း။
နိုင်ငံတော်အကြီးအကဲ၏ အားပေးဆောင်ရွက် ပေးမှုဖြင့် အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)ရှိ သံရည်ကျိုအလုပ်ရုံ (Melt Shop-1) ကို ယခုလအတွင်း ပြန်လည်လည်ပတ်၍ သံမဏိလေးထောင့်တုံး (Steel Billet) ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း၊ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)တွင် သံသတ္တုရိုင်းမှ သံစိမ်းထုတ်လုပ်ခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စတင်လည်ပတ်နိုင် ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်စဉ်သံမဏိတန်ချိန် သုံးသန်းခန့်လိုအပ်သော်လည်းပြည်တွင်း၌ တစ်နှစ်လျှင်တစ်သန်းခန့်သာ ထုတ်လုပ်နိုင်သည့်အတွက် သံမဏိတန်ချိန်နှစ်သန်းခန့်ကို ပြည်ပမှနိုင်ငံခြားငွေ တစ်ဘီလီယံ ကျော်ခန့်သုံးစွဲ၍ တင်သွင်းနေရကြောင်း၊ ထို့ကြောင့် သံနှင့်သံမဏိထုတ်လုပ်သည့် နည်းစဉ်များနှင့်ပတ်သက်၍ လေ့လာသိရှိထားသည်များကို အကြံပြုဆွေးနွေးပေးပါရန် ဖိတ်ခေါ်ပါကြောင်း။
ပျော့ဖတ်စက်ရုံများ တည်ထောင်နိုင်ရေးနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သစ်/ဝါး ပေါက်ရောက်မှု အခြေအနေအပေါ်မူတည်ပြီး ပျော့ဖတ်စက်ရုံများကို ဝါး/သစ် ကုန်ကြမ်းများလွယ်လွယ်ကူကူနှင့် သယ်ယူထုတ်လုပ်နိုင်သည့် နေရာများ၊ ရေအရင်းအမြစ် အလွယ်တကူရရှိနိုင်မည့်နေရာများတွင် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ စက်ရုံမှထွက်ရှိမည့် စွန့်ပစ်ရေများကို သန့်စင်ပြီးစနစ်တကျ ပြန်လည်စွန့်ထုတ်ရန်လိုအပ်သည့်အတွက် စက်ရုံတည်ဆောက်ရန် မြေနေရာရွေးချယ်မှုသည် အရေးကြီးကြောင်း၊ လိုအပ်သည့် ကုန်ကြမ်းများရရှိနိုင်ရေး လွယ်ကူလက်လှမ်းမီသည့် နေရာများနှင့်ရေ၊ လျှပ်စစ်ဓာတ်အား၊ လောင်စာအရင်းအမြစ်များရရှိနိုင်ရန် လွယ်ကူသည့်နေရာများတွင် ရွေးချယ်ပြီး ပျော့ဖတ်စက်ရုံများ တည်ထောင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီက စက္ကူစက်ရုံနှင့်ပျော့ဖတ်စက်ရုံများ တည်ဆောက်နိုင်ရေးအတွက် မြန်မာနိုင်ငံတွင်စာရင်းကောက်ယူထားသည့် ဝါးထွက်ရှိမှု ဧရိယာဧကအနေဖြင့် ၆၉ ဒသမ ၆ သန်းရှိကြောင်း၊ တစ်နှစ်လျှင်ဝါးအလုံးရေ ၂၆၅ သန်း ထုတ်လုပ်နိုင်မည်ဖြစ်သော်လည်း ၁၄၅ သန်းလုံးသာ ထုတ်လုပ်သုံးစွဲနေသည်ကို တွေ့ရှိရကြောင်း၊ ဝါးပေါက်ရောက်မှုဧရိယာစာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူ နိုင်မှုမရှိသေးသဖြင့်ဝါးအလုံးရေ ၂၆၅ သန်းထက် ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင် တင်ဒါစနစ်ဖြင့် သစ်တောစိုက်ခင်းများ တည်ထောင်နိုင်ရန် တောနိမ့်၊ တောပါးဧရိယာ ၃ ဒသမ ၆၅ သန်း ဧကရှိသည့်အတွက် စက္ကူစက်ရုံများတည်ဆောက်နိုင်ရန်အတွက်ကုန်ကြမ်းများ လုံလောက်မှုရှိပါကြောင်း၊ စိုက်ခင်းများတည်ထောင်စိုက်ပျိုးရေး အတွက်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သံမဏိစက်ရုံများတည်ဆောက်နိုင်ရေးနှင့် စက္ကူနှင့်ပျော့ဖတ်စက်ရုံများ တည်ဆောက်နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာန၏လိုအပ်ချက်များကို အစွမ်းကုန်ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် စက်မှုဝန်ကြီးဌာန အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံရှိသံသတ္တုရိုင်းထွက်ရှိရာဒေသများ၊ အသုံးပြုနိုင်သည့်သံနှင့်သံမဏိထုတ်လုပ်သည့် နည်းစဉ်များနှင့်သံမဏိစက်ရုံများ တည်ထောင်ဆောင်ရွက်သွားရန် ဆောင်ရွက်နိုင်မည့်အခြေအနေများကိုလည်းကောင်း၊ အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ပျော့ဖတ်စက်ရုံများ တည်ဆောက်နိုင်ရန်အတွက် အခြေခံလိုအပ်သောကုန်ကြမ်းများ၊ အရင်းအမြစ်များကိုလည်းကောင်း၊ ဌာနဆိုင်ရာအရာရှိကြီးများက သံမဏိစက်ရုံ၊ စက္ကူနှင့်ပျော့ဖတ်စက်ရုံများ တည်ဆောက်နိုင်ရေးအတွက် မြန်မာနိုင်ငံတွင်သစ်တောသယံဇာတနှင့် တွင်းထွက်သယံဇာတများထွက်ရှိမှု အခြေအနေကိုလည်းကောင်း ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်