Skip to main content

ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ (၅၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

နေပြည်တော် မတ် ၁၆

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၏ (၅၁) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဘိုးဝဇီရခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ထူးချွန်ဆုရ ဝန်ထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ (၅၁) နှစ်တာ ဖြတ်သန်းလာခဲ့သည့် လုပ်ငန်း ဆောင်ရွက်မှု Video Clip ကို ပြသသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနသည် တိုင်းရင်းသားပြည်သူများအား စာပေဗဟုသုတ တိုးပွားစေရေးအတွက် လူထုမီဒီယာမှတစ်ဆင့် စာပေဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ခြင်းနှင့် နိုင်ငံတော်အဖွဲ့အစည်းများ၏ ပုံနှိပ်ခြင်းဆိုင်ရာများကို သတ်မှတ်ချက်များနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်၏တစ်ခု တည်းသောပုံနှိပ်ဌာနတစ်ခု ဖြစ်ပါကြောင်း။

ဌာနခွဲတစ်ခုဖြစ်

ပြန်ကြားရေးဝန်ကြီးဌာန၏ ရည်မှန်းချက်များဖြစ်သည့် ပြည်သူလူထုကို သတင်းအချက်အလက်ပေးရန်၊ အသိပညာပေးရန်နှင့် ဖျော်ဖြေပေးရန်ဆိုသည့် လုပ်ငန်း များကို ဆောင်ရွက်ရာတွင်ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနအောက်ရှိ ဌာနခွဲတစ်ခုဖြစ်သည့် စာပေဗိမာန်လုပ်ငန်းသည်လည်း အပါအဝင်ဖြစ်ပါကြောင်း၊ စာပေ ဗိမာန်ကဏ္ဍများအနေဖြင့် ပြည်သူများဗဟုသုတရှိစေမည့် စာအုပ်စာပေများထုတ်ဝေခြင်း၊ ရောင်းချခြင်း၊ စာတမ်းဖတ်ပွဲများ ကျင်းပခြင်း၊ စာပေစကားဝိုင်းများ၊ စာပေဆွေးနွေးပွဲ ကျင်းပခြင်းနှင့်အတူ စာပေဆု ချီးမြှင့်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

နိုင်ငံ့ဝန်ထမ်းကောင်းများ အနေဖြင့်ပြည်သူကိုပေးဆပ်ရမည်ဟုခံယူပြီး ရိုးသားစွာဖြင့် ပြည်သူ့အတွက်ပူးပေါင်းဆောင် ရွက်ကြစေလိုပါကြောင်း၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှဝန်ထမ်းများသည် ဝန်ကြီးဌာန၏လုပ်ငန်းများကို နောက်တန်းမှ ခံစစ်မှူးကောင်းများသဖွယ်ပံ့ပိုး ကူညီနေကြသူများဖြစ်ပါကြောင်း၊ (၅၁)နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနကို ဂုဏ်ယူစွာဖြင့်အသိအမှတ်ပြုသကဲ့သို့နောင်တွင်လည်း ဆက်လက်ဂုဏ်ယူရမည့် ဦးစီးဌာနတစ်ခုအဖြစ် ဆက်လက်ကြိုးစားဆောင်ရွက်စေလိုပါ ကြောင်း ပြောကြားသည်။

ထောက်ပံ့ပေးအပ်

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနမှ ဝန်ထမ်း ၈၆၂ ဦး အတွက် ငွေကျပ် ၈၉ သိန်း တန်ဖိုးရှိဝတ်စုံများကိုထောက်ပံ့ပေးအပ်ရာ ပုံနှိပ်ရေးနှင့်ထုတ်ဝေ ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးဝင်းကျော်အောင်က လက်ခံရယူသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးကနိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် ဖွင့်လှစ်ခဲ့သည့်သင်တန်းများတွင်ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် အထက်မြန်မာပြည်အစိုးရပုံနှိပ် စက်ရုံ (မန္တလေး) မှ ရုံးအုပ် (စီမံ) ဒေါ်မြတ်မွန်ဖြိုးနှင့် စီမံရေးရာဌာနခွဲ နေပြည်တော်(ရုံးချုပ်) မှ အကြီးတန်းစာရေး (စီမံ) ဒေါ်အေး သန္တာဦးတို့ကို ဂုဏ်ပြုမှတ်တမ်း လွှာနှင့်ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က အောင်ဆန်း ပုံနှိပ်စက်ရုံရှိ ပတ်လည်စက် Web Offset ( Goss) အား Black And White ပုံနှိပ်လုပ်ငန်းတွင် ပြန်လည်အသုံးပြုနိုင်ရန်ကြိုးစား ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းသုံးဦးကိုလည်းကောင်း၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်အောင်က ကျောင်းသုံးဖတ်စာအုပ်လုပ်ငန်းများကို အချိန်မီပြီးစီးအောင် ကြိုးစားဆောင်ရွက်ခဲ့ကြသည့် ဖိုတိုလစ်သို ပုံနှိပ်စက်ရုံနှင့်နေပြည်တော်ပုံနှိပ်စက်ရုံ (ဇေယျာသီရိ) တို့မှ ဝန်ထမ်းလေးဦးတို့ကိုလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများပေးအပ် ချီးမြှင့်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်တို့က ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဝန်ထမ်းများအား စက်ဘီးနှစ်စီးနှင့်ငွေသားဆုမဲများကို ပျော်ရွှင်စွာကံစမ်းမဲဖောက်ပေးကြပြီး ဆုရရှိသည့် ဝန်ထမ်းများကို ဆုများ ပေးအပ်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဌာနဆိုင်ရာအကြီးအကဲများသည် ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာနအရာထမ်း၊ အမှုထမ်းများနှင့်အတူ နေ့လယ်စာကိုအတူတကွသုံး ဆောင်ခဲ့ကြသည်။

သတင်းစဉ်