မြင်းခြံ ဩဂုတ် ၉
မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၈၈ ရွာ တွင် ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ပေးနိုင်ပြီဖြစ်ကြောင်း မြင်းခြံခရိုင် လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။
အဆိုပါကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ ကြီးကြပ်မှုဖြင့် ပြည်ထောင်စုဘတ်ဂျက်၊ နိုင်ငံတော် ဓာတ်အားစနစ် (NEP) စီမံကိန်းများ၊ တိုင်းဒေသကြီး ဘတ်ဂျက်၊ PFI စသော ဘတ်ဂျက်များအပြင် အလှူရှင်များ၏ ပံ့ပိုးမှုဖြင့် ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် ၁၁ ကေဗွီ/ ၀ ဒသမ ၄ ကေဗွီ ထရန်စဖော် မာများကို တည်ဆောက်ပေးခဲ့ပြီး ကျေးရွာတွင်း ၄၀၀ ဗို့ ဓာတ်အားလိုင်းများကို သက်ဆိုင်ရာ ကျေးရွာ အလိုက် မီးလင်းရေးကော်မတီများ စနစ်တကျဖွဲ့စည်းကာ ကျေးရွာနေပြည်သူများမှ ထည့်ဝင်တည်ဆောက်ခြင်း ဖြစ်သည်။
ထို့အပြင် ပြည်သူများလျှပ်စစ်သုံးစွဲရာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ စနစ်တကျသုံးစွဲနိုင်ရေး အတွက် ခရိုင်/မြို့နယ် လျှပ်စစ်ရုံးတာဝန်ရှိသူများမှ ကျေးရွာများသို့သွားရောက်၍ အသိပညာပေး ခြင်းနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး စာစောင်များဖြန့်ဝေခြင်း၊ ကျေးရွာလိုင်းမင်းသင်တန်းများ ဖွင့်လှစ် သင်ကြားပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း ဒုတိယခရိုင် လျှပ်စစ်မန်နေဂျာဦးတိုးတိုးအောင်က ပြောသည်။
ယခင်က နွားထိုးကြီးမြို့ပေါ်ရပ်ကွက် (၈)ရပ်ကွက်နှင့် ကျေးရွာအချို့အတွက် နွားထိုးကြီးမြို့ ၃၃/၁၁ ကေဗွီ (၁၀) အမ်ဗွီအေ နွားထိုးကြီးခွဲရုံမှ ဓာတ်အားဖြန့်ဖြူး ပေးလျက်ရှိရာ ယခုအခါ ကျေးရွာပေါင်း ၁၈၈ ရွာအတွက် ၂၀၁၇-၂၀၁၈ တိုင်း ဒေသကြီး ဘတ်ဂျက်ဖြင့် ၃၃/၁၁ ကေဗွီ (၅) အမ်ဗွီအေ ပြင်စည်ဓာတ်အားခွဲရုံနှင့် ၂၀၁၈-၂၀၁၉ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ၃၃/၁၁ ကေဗွီ (၅) အမ်ဗွီအေ ဝက်လူးဓာတ်အားခွဲရုံများကို တိုးချဲ့တည်ဆောက်ခဲ့ပြီး ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
မြန်မာ့အလင်း