Skip to main content

ဘဝခရီးအတွက် ပညာရေးလမ်းတစ်သွယ်

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်လိုက်ပြီဖြစ်ရာ တစ်နိုင်ငံလုံးတွင် ကျောင်းသား ကျောင်းသူ ၉၁၀၂၂၉ ဦး ဝင်ရောက်ဖြေဆိုသည့်အနက် ၂၉၁၇၉၈ ဦး အောင်မြင်ခဲ့သည်။ တစ်နိုင်ငံလုံး အောင်ချက်ရာခိုင်နှုန်းအားဖြင့် ၃၂ ဒသမ ၀၆ ရာခိုင်နှုန်းရှိသည်။

နှစ်စဉ် တက္ကသိုလ်ဝင်စာမေးပွဲတို့၏ အစဉ်အလာအတိုင်းပင် အောင်သူထက် ကျရှုံးသူ ရာခိုင်နှုန်း ကသာ ပို၍များနေမြဲ။ ယခုနှစ် အောင်ချက်ရာခိုင်နှုန်းအရဆိုပါက ဖြေဆိုသူ ၁၀၀ လျှင် ၃၂ ဦး ကျော်ကျော်ကသာ တက္ကသိုလ်ပညာရေးဆီသို့ တက်လှမ်းသင်ယူနိုင်ကြမှာဖြစ်ပြီး ကျန်သည့် ၆၈ ရာခိုင်နှုန်းခန့်မှာမူ ကျောင်းသင်ခန်းစာများကို ပြန်လည်လေ့လာသင်ယူကြကာ လာမည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုနိုင်ရန် ပြင်ဆင်ကြရမည့်သူများ၊ တက္ကသိုလ်ဝင် စာမေးပွဲကို နှစ်ကြိမ်နှင့်အထက် ကျရှုံးသောကြောင့် ပြင်ပမှ ဝင်ရောက်ဖြေဆိုကြရမည့်သူများ စသည်ဖြင့် အခြေခံပညာရေးခရီးကို ဆက်ကြရဦးမည်ဖြစ်သည်။

တက္ကသိုလ်ဝင် စာမေးပွဲကျရှုံးသူများ သို့မဟုတ် တက္ကသိုလ်ပညာရေးသို့ ဆက်လက်တက်လှမ်း သင်ယူနိုင်ရန် အခြေအနေမပေးသူ၊ အခွင့်အလမ်းလွန်စွာနည်းပါးသူများ ပညာသင်ယူမှု အခွင့် အလမ်းမဆုံးရှုံးစေရန်အတွက် အသက်မွေးဝမ်းကျောင်းပညာရေးဆီသို့ မျက်နှာမူကြရန်၊ ကူးပြောင်း သင်ယူကြရန် တိုက်တွန်းလိုသည်။ အသက်မွေးဝမ်းကျောင်း ပညာနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ လူငယ်တွေဟာ အသက်မွေးဝမ်းကျောင်း ပညာတွေသင်ယူဖို့ စိတ်အားထက်သန်စေချင်ပါတယ်။ အသက်မွေးဝမ်းကျောင်းပညာ သင်ယူ ထားတာဟာ တက္ကသိုလ်ကဘွဲ့လောက် တန်ဖိုးမရှိဘူးဆိုတဲ့ စိတ်ဓာတ်ကို လုံးလုံးမထားပါနဲ့။ ကျွန်မ ခဏခဏ သတိပေးပါတယ်။ ကမ္ဘာပေါ်မှာ အတိုးတက်ဆုံး၊ အချမ်းသာဆုံးဖြစ်တဲ့နိုင်ငံ တချို့ ဆိုလို့ရှိရင် အသက်မွေးဝမ်းကျောင်းပညာဘက်က အင်မတန်မှ အားသန်ပါတယ်။ တက္ကသိုလ်ပညာနဲ့ ယှဉ်ရုံတင်မကဘူး တချို့ဆိုလို့ရှိရင် တက္ကသိုလ်ပညာထက်တောင် သာနေတာကို တွေ့ရပါတယ်။ လက်တွေ့ကျကျ တန်ဖိုးထားတတ်တဲ့စိတ်ဓာတ်ပါပဲ။ ဂုဏ်ပကာသနကို ကြည့်တာမဟုတ်ဘဲနဲ့ တကယ့်စစ်မှန်တဲ့တန်ဖိုးကို အလေးထားတာပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ အသက်မွေးဝမ်းကျောင်း ပညာဘက်ကိုသွားဖို့ လူငယ်တွေကို ကျွန်မတိုက်တွန်းချင်ပါတယ်” ဟူ၍ ပြောကြားခဲ့ဖူးသည်။

ပညာသင်ကြားကြရခြင်း၏ ရည်ရွယ်ချက်မှာ မိမိတို့၏ဘဝရီးအတွက် မိမိတို့၏ စွမ်းရည်ကို မူလ အခြေအနေထက် ပိုမြင့်မားလာအောင် မြှင့်တင်ကြရခြင်းဖြစ်သည်။ စဉ်းစားတွေးခေါ်မှု၊ တီထွင် ဖန်တီးမှု၊ ကျွမ်းကျင်မှုနှင့် ကိုယ်ကျင့်တရား စသည်တို့ကို သင်ယူလေ့ကျင့်ခြင်းဖြင့် မိမိတို့၏ စွမ်းရည်ကို မြှင့်တင်ကြရခြင်းမှာ ပညာသင်ကြားခြင်းပင်ဖြစ်သည်။ ထို့အပြင် တန်ဖိုးမြင့်သည့် လူ့စွမ်းအားအရင်းအမြစ်သည် နိုင်ငံဖွံ့ဖြိုးဘိုဘက်ရေးကို အဓိကတွန်းအားပေးသည့် စွမ်းအား တစ်ရပ်ပင်ဖြစ်ရာ နိုင်ငံအတွင်းရှိ အလုပ်လုပ်နိုင်သော အသက်အရွယ်ရှိသူများကို ကျွမ်းကျင် အလုပ်သမားများအဖြစ် ပြုစုပျိုးထောင်ပေးရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် အသက်မွေဆမ်းကျောင်း ပညာသင်ယူမှု ရာခိုင်နှုန်း လွန်စွာနည်းပါးနေသကဲ့သို့ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး နောက်တက္ကသိုလ်များတွင် ဆက်လက်ပညာသင်ယူကာ အဆင့်မြင့် ပညာခရီးမပြီးဆုံးသူများ၊ ဘွဲ့ရပြီး လုပ်ငန်းခွင်မဝင်နိုင်သူများ အများအပြား ရှိနေကြ သည်။ တစ်ဖန် တက္ကသိုလ်ဘွဲ့ရပြီး လုပ်ငန်းခွင် ဝင်ရာတွင်လည်း တိုက်ရိုက်မဝင်နိုင်ဘဲ ကျွမ်းကျင်မှု ဆိုင်ရာ သင်တန်းများ တက်ရောက်ရခြင်းကဲ့သို့ ပြင်ဆင်ရခြင်းများလည်း ရှိနေသည်။ ကာလ၊ ဒေသတို့နှင့် ကိုက်ညီဆီလျော်ပြီး မိမိဝါသနာနှင့်လည်း ကိုက်ညီသည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို ကျွမ်းကျင်သည်အထိ သင်ယူကြကာ လက်တွေ့အသုံးချခြင်းဖြင့်လည်း အောင်မြင် တိုးတက် ကြီးပွားနိုင်ကြသည်သာ ဖြစ်ပါကြောင်း။ ။