Skip to main content

သင်ကြားပေးခဲ့သည့် စာတွေ့၊ လက်တွေ့ပညာရပ်များနှင့် အတွေ့အကြုံများကို ပေါင်းစပ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ထိထိရောက်ရောက် အကျိုးရှိအောင် အသုံးချ

နေပြည်တော် မတ် ၁၃

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာနိုင်ငံသစ်တောကျောင်း အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ် ၁၁၆ ကျောင်း ဆင်းစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံမြေတိုင်းကျောင်း၊ အားကစားကွင်း၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဒုတိယဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ကျောင်းဆင်းသင်တန်းသားများ တက်ရောက်ကြသည်။

ရှေးဦးစွာ သင်တန်းဆင်းတပ်ခွဲများက ပြည်ထောင်စုဝန်ကြီးအား ချီတက်အလေးပြုကြပြီး ပြည်ထောင်စုဝန်ကြီးက ထူးချွန်ဆုရသင်တန်းသားများနှင့် စစ်ရေးပြအကောင်းဆုံးတပ်ခွဲကို ဂုဏ်ပြုဆုများ ချီးမြှင့်သည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ သစ်တောကျောင်းသည် ၁၈၉၈ ခုနှစ်မှစပြီး အခြေခံ သစ်တောပညာရပ်များကို သင်ကြားပို့ချပေးခဲ့ရာ ယခု ၁၂၅ နှစ် တိုင်ခဲ့ပြီဖြစ်ပြီး ခေတ်အဆက်ဆက် သစ်တောအမှုထမ်းကောင်းများစွာ မွေးထုတ်ပေးနိုင်ခဲ့ရာ ယနေ့အထိ ၆၅၀၉ ဦးရှိပြီဖြစ်ကြောင်း၊ သစ်တောဦးစီးဌာနအနေဖြင့် သစ်တောများထာဝစဉ်တည်တံ့စေရေး၊ သစ်တောဖုံးလွှမ်းမှုတိုးပွားလာစေရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေးတို့အား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ရေရှည်တည်တံ့စေသော သစ်တောစီမံအုပ်ချုပ်လုပ်ကိုင်မှုတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါသည့် အခန်းကဏ္ဍဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် စွမ်းဆောင်ရည်မြင့်မား တိုးတက်စေရန် ခေတ်စနစ်နှင့်အညီ လေ့လာကြိုးစား သွားကြရမည်ဖြစ်ကြောင်း၊ သင်ကြားပေးခဲ့သည့် စာတွေ့၊ လက်တွေ့ပညာရပ်များနှင့် အတွေ့အကြုံများကိုပေါင်းစပ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ထိထိရောက်ရောက် အကျိုးရှိအောင် အသုံးချသွားကြမည်ဖြစ်ကြောင်း၊ နိုင်ငံဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို လေးစားလိုက်နာပြီး ပြည်သူလူထုက အားကိုးထိုက်သော ဝန်ထမ်းကောင်းများဖြစ်အောင် လေ့ကျင့်ကြိုးစားသွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ် ၁၁၆ သင်တန်းဆင်း အောင်လက်မှတ် ပေးအပ်ပွဲအခမ်းအနားကို မြန်မာနိုင်ငံသစ်တောကျောင်း ကျွန်းရတနာခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ထူးချွန်ဆုရရှိသော သင်တန်းသားများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး ကျောင်းဆင်း သင်တန်းသားများနှင့် မိသားစုများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမျိုးသားကန်တော်ကြီးဥယျာဉ်သို့သွားရောက်၍ ဥယျာဉ်စိမ်းလန်းသာယာလှပစေရေးနှင့် ကန်တော်ကြီးရေဝင်ကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။ ကန်တော်ကြီး၏ အမြင့်ဆုံး ရေဝင်မှတ်သည် ၃၃ ပေဖြစ်ပြီး ၂၀၂၁ ခုနှစ် ပွင့်လင်းရာသီတွင် ရေအမှတ် ၁၆ ပေသာရှိရာမှ နိုင်ငံတော်အကြီးအကဲ၏ ခရီးစဉ်လမ်းညွှန်မှုအရ ကန်တော်ကြီးရေဝင်မှု ပြန်လည်ကောင်းမွန်စေရေး ဆောင်ရွက်ခဲ့ရာ ယခုနှစ် ပွင့်လင်းရာသီတွင် ၃၂ ဒသမ ၄ ပေရှိကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြင်ဦးလွင်မြို့နယ် ကော်ဖီစီမံကိန်း ဧရိယာအတွင်းရှိ ကော်ဖီစိုက်ပျိုးမှုနှင့် ပတ်သက်၍သက်ဆိုင်ရာ ခရိုင်တာဝန်ခံများနှင့် တွေ့ဆုံရာ တာဝန်ရှိသူများက သစ်တောမြေ၊ မြို့မြေနှင့် မြေလွတ် မြေရိုင်းများအတွင်းရှိ ပုဂ္ဂလိကကော်ဖီ စိုက်ခင်းများနှင့်ပတ်သက်၍ ကွင်းဆင်းစိစစ်တွေ့ရှိချက်နှင့် ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက စာချုပ်စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး စစ်ဆေးကြပ်မတ် သွားရန်မှာကြားသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံသစ်တောကျောင်း အခြေခံသစ်တော ပညာသင်တန်း အမှတ်စဉ် ၁၁၆ ကျောင်းဆင်း ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်