နေပြည်တော် မတ် ၁၃
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး Mr. Alexander Sergeevich Shatirov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန နီလာခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က ရုရှားခရီးသွားများ လာရောက်လည်ပတ်နိုင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့ပူးပေါင်းပြီး ရုရှားခရီးသွားများအတွက် တည်းခိုသွားလာလည်ပတ်မှု၊ စားသောက်မှုများ အပါအဝင် ပြီးပြည့်စုံသော Package Tour အစီအစဉ်များအား ရေးဆွဲပံ့ပိုးပေးစေလိုပါကြောင်း၊ ရော့စ်ကွန်ဂရက်အဖွဲ့အနေဖြင့် နှစ်နိုင်ငံခရီးသွားကဏ္ဍ တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအကြောင်း မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက “Welcome Russia” Program in Myanmar အစီအစဉ်အားရေးဆွဲလျက်ရှိပြီး ပြီးပြည့်စုံသော Package Tour ရေးဆွဲပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနသို့ ပေးပို့သွားမည် ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ လေကြောင်းလိုင်း တိုက်ရိုက်ပျံသန်းပြေးဆွဲနိုင်ရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာနက လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရုရှားခရီးသွားများ မြန်မာနိုင်ငံသို့ ဝင်ရောက်ရာတွင် ကျန်းမာရေးအာမခံဝယ်ယူရေး အဆင်ပြေလွယ်ကူမှုရှိစေရန် ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ ဆွေးနွေးအကြံပြုချက်များကို ရုရှားခရီးသွားများအား ကြိုဆိုမည့်အစီအစဉ်တွင်လည်း ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဆက်လက်၍လည်း နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်