Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် လေအားလျှပ်စစ်စီမံကိန်းနေရာများ ကြည့်ရှုစစ်ဆေး

နေပြည်တော် မတ် ၁၂

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရခိုင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းနှင့်အတူ ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် ဂွမြို့နယ်၌ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် လေစွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မည့် ဖြစ်မြောက်နိုင်စွမ်း စူးစမ်းလေ့လာမှုဆောင်ရွက်နိုင်ရန် လေတိုက်နှုန်းတိုင်းကိရိယာ (Anemometers) စိုက်ထူထားသော ဂွလေအားလျှပ်စစ်စီမံကိန်း ဆောင်ရွက်လျက်ရှိသည့်အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးနှင့် အဖွဲ့ဝင်များအား ကုမ္ပဏီမှတာဝန်ရှိသူများက ရခိုင်ပြည်နယ်အတွင်းရှိ အမ်းမြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့တွင် လေအားလျှပ်စစ်စီမံကိန်းများ ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ စီမံကိန်းနေရာများ၏ လေစွမ်းအင်အရင်းအမြစ်တိုင်းတာရရှိမှု၊ လေစွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး အကြိုစူးစမ်းလေ့လာမှုပြုလုပ်ခဲ့သည့်အခြေအနေ၊ ဂွလေအားလျှပ်စစ်စီမံကိန်း၏ ပထမအဆင့် ၅၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည့်အစီအမံများနှင့် ဓာတ်အားလိုင်းများ သွယ်တန်းတည်ဆောက်သွားမည့် အခြေအနေတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လေအားလျှပ်စစ်ဆိုင်ရာ စက်ပစ္စည်းကိရိယာများ စီမံကိန်းလုပ်ငန်းခွင်သို့ သယ်ယူပို့ဆောင်ရာတွင် လုံခြုံစိတ်ချ၍ ခံနိုင်ရည်ရှိစေရေး၊ စီမံကိန်းချဉ်းကပ်လမ်းကို အဆင့်မြှင့်တင်ဆောင်ရွက်သွားရန်၊ နောင်တွင်ထပ်မံဆောင်ရွက်ရန် အလားအလာရှိသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနေရာများရှိသည့်အတွက် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံအဆင့်မြှင့်တင်ခြင်းများကိုလည်း ကြိုတင်မျှော်မှန်းပြီး စီမံဆောင်ရွက်သွားရန်၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ထုတ်လုပ်မှုနှင့်သယ်ယူနိုင်မှုတို့ကို ဟန်ချက်ညီဆောင်ရွက်သွားရန်၊ ရခိုင်ဒေသအရင်းအမြစ်များတွင် လေအားနှင့်ထုတ်လုပ်သည့် အရင်းအမြစ်များရှိသဖြင့် ဆက်လက်တိုးချဲ့နိုင်ရန် စီမံဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ယခု စီမံကိန်းသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော လေအားလျှပ်စစ်စီမံကိန်းဖြစ်၍ အမြန်ဆုံးထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လေစွမ်းအင်မှလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မည့် အချက်အလက်များ စုဆောင်းနိုင်ရေးအတွက် လေတိုက်နှုန်းတိုင်းကိရိယာများ (Anemometers) တပ်ဆင်၍ လေတိုက်နှုန်းရလဒ်များ မှတ်တမ်းရယူနေမှုအခြေအနေနှင့် အကြိုစူးစမ်းလေ့လာမှုပြုလုပ်ထားသည့်နေရာများကို ကြည့်ရှုစစ်ဆေးသည်။

လေတိုက်နှုန်းတိုင်းကိရိယာများ (Anemo- meters) ကို စီမံကိန်းဆောင်ရွက်မည့် အမ်းမြို့နယ်တွင် နှစ်တိုင်၊ ဂွမြို့နယ်တွင် တစ်တိုင်၊ သံတွဲမြို့နယ်တွင် တစ်တိုင် စုစုပေါင်းလေးတိုင်ကို ၂၀၁၆ ခုနှစ်မှ စတင်တပ်ဆင်ကာ လေတိုက်နှုန်းရလဒ်များကို ခြောက်နှစ်စာ မှတ်တမ်းရယူထားပြီးဖြစ်သည်။

အဆိုပါ ဂွလေအားလျှပ်စစ်စီမံကိန်းကို နိုင်ငံသားပိုင်ကုမ္ပဏီဖြစ်သည့် Primus Advanced Technologies Limited (PRIMUS)နှင့် ဟောင်ကောင်အခြေစိုက် Asia Ecoenergy Development Limited (AED)၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Yunnan Machinery and Equipment Import and Export Co., Ltd ကုမ္ပဏီသုံးခုတို့ပူးပေါင်းပြီး ရခိုင်ပြည်နယ် ဂွမြို့နယ်၌ တပ်ဆင်စက်အင်အား ၁၀၀ မဂ္ဂါဝပ်ဖြင့် တည်ဆောက်မည်ဖြစ်ကာ တစ်နှစ်ထုတ်လုပ်နိုင်မှုဓာတ်အားမှာ ၂၂၇ ဒသမ ၂ ကီလိုဝပ် နာရီသန်းပေါင်းရရှိမည်ဖြစ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ သည် လေအားလျှပ်စစ်ထုတ်လုပ်ချိန်တွင် ဓာတ်အားလက်ခံပြီး ဆက်လက်ပို့လွှတ်ဖြန့်ဖြူးမည့် ဂွမြို့ရှိ ၆၆/၁၁ ကေဗွီ (၁၀အမ်ဗွီအေ) ဓာတ်အားခွဲရုံသို့ရောက်ရှိပြီး ခွဲရုံအတွင်း တိုးချဲ့တည်ဆောက်မည့်စီမံကိန်းနေရာများကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဂွမြို့နယ်ရှိ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဝန်ကြီးဌာန၏ စီမံဆောင်ရွက်နေမှုအခြေအနေ၊ လက်ရှိဓာတ်အားဖြန့်ဖြူးနေမှုကို ရှင်းလင်းပြောကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးပြီး ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိန္တလီမြို့အနီးရှိ ကျိန္တလီချောင်းပေါ်တွင် အကြိုဖြစ်မြောက်နိုင်စွမ်း ရေအရင်းအမြစ် စူးစမ်းလေ့လာတိုင်းတာနေသည့် ကျိန္တလီချောင်းသို့ရောက်ရှိရာ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက်နှင့် အမှတ်(၄) တည်ဆောက်ရေးညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်းတို့က ကျိန္တလီချောင်း ရေအားအရင်းအမြစ် ဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကျိန္တလီချောင်းအကြို ဖြစ်မြောက်နိုင်စွမ်း စူးစမ်းလေ့လာတိုင်းတာမှုများကို အထူးဂရုပြု၍ လေ့လာတိုင်းတာဆောင်ရွက်သွား ရန်နှင့်ရရှိလာသော အချက်အလက်များပေါ် မူတည်၍ စီမံကိန်းဖြစ်မြောက်နိုင်စွမ်းအား အသေးစိတ်ဆက်လက်လေ့လာဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ကျိန္တလီချောင်း စူးစမ်းတိုင်းတာနေသော ဝန်ထမ်းများကို အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်