နေပြည်တော် မတ် ၁၂
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ မြန်မာနိုင်ငံသစ်တောကျောင်းရှိ အခြေခံသစ်တောပညာသင်တန်းအမှတ်စဉ် (၁၁၆) သင်တန်းသားအိပ်ဆောင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အင်းယားပျိုးဥယျာဉ်အတွင်းရှိ ၂၀၂၃ ခုနှစ် မိုးရာသီတွင် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းနှင့် လူထုဖြန့် ပျိုးပင်ဖြန့်ဝေစိုက်ပျိုးခြင်းအတွက် သစ်မျိုးရှစ်မျိုးဖြင့် ပျိုးပင် ၆၅၀၀၀ ပျိုးထောင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ပျိုးပင်များ အချိန်မီဖြန့်ဝေနိုင်ရန်နှင့် တစ်ပင်စိုက် တစ်ပင်ရှင်အောင် ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မေမြို့ထင်းကြိုးဝိုင်းရှိ မြန်မာနိုင်ငံသစ်တောကျောင်း၊ လေ့ကျင့်ရေးသစ်တော ဧက ၅၀၀ သို့ရောက်ရှိရာ ရှင်းလင်းဆောင်တွင် ကျောင်းအုပ်ကြီးက လေ့ကျင့်ရေးသစ်တောအတွင်း နမူနာကွက်၊ သရုပ်ပြကွက်များဖြင့် သင်တန်းသားများကို သင်ကြားပို့ချ ဆောင်ရွက်မှုနှင့် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မှုကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက လေ့ကျင့်ရေးသစ်တောအတွင်း အမြဲတမ်းနမူနာကွက်များသတ်မှတ်၍ သစ်တောစာရင်း တိုင်းတာစာရင်းကောက်ယူမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မေမြို့ထင်းကြိုးဝိုင်း ထိန်းသိမ်းဆောင်ရွက်ထားမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် သစ်တောကြိုးဝိုင်းအတွင်းရှိ ပုဂ္ဂလိကကော်ဖီစိုက်ခင်းများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး စာချုပ်ပါစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရေး တာဝန်ရှိသူများက အနီးကပ်ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်