နေပြည်တော် မတ် ၁၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ရခိုင်ပြည်နယ်စစ်တွေမြို့နယ် ငတောက်တက်ကျေးရွာသို့သွားရောက်ပြီး သဇင်မွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားအသင်းသူများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက သမဝါယမစနစ် ဖြင့် နွားမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ခြံလှောင်စနစ်ဖြင့်မွေးမြူရေး၊ ထွက်ရှိလာသော နွားချေးစွန့်ပစ်ပစ္စည်းမှ သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုနိုင်ရေး၊ နွားစာအတွက် အဲဗားဂရင်းမြက် စိုက်ပျိုးရေး ညှိနှိုင်း မှာကြားသည်။
ယင်းနောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ဒေသန္တရနွားမျိုးများ ဝယ်ယူရရှိရေး၊ တိရစ္ဆာန်ကာကွယ်ကုသရေး၊ နွားခြံတည်ဆောက်ရေး၊ မွေးမြူရေးဆိုင်ရာ သင်တန်းများ ပို့ချပေးရေး ရှင်းလင်းတင်ပြရာ သမဝါယမဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ ငတောက်တက်ကျေးရွာရှိ သဇင်မွေးမြူရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းအနေဖြင့် နွားကောင်ရေ ၁၀၀ စုပေါင်းမွေးမြူမည် ဖြစ်သည်။
အလားတူ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေ မြို့နယ် ကြံတောကျေးရွာသို့ သွားရောက်၍ ခရေ မွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ နွားကောင်ရေ ၁၃၇ ကောင် မွေးမြူရန်လျာထားဆောင်ရွက်နေခြင်းအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် စစ်တွေမြို့နယ်ကျားမသောက်ကျေးရွာရှိ ရွှေကျားရက်ကန်း အလုပ်ရုံသို့သွားရောက်ပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့နယ် ကျောက်တန်းကြီးကျေးရွာသို့ သွားရောက်ပြီး မြတ်နိုးပန်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ မိုးစပါး ၁၀၅ ဧကကို သမဝါယမစနစ်ဖြင့် စုပေါင်းစိုက်ပျိုး ခြင်းလုပ်ငန်းအတွက် အထွက်နှုန်းတိုးရေး ကြိုးစား ဆောင်ရွက်ကြရန်မှာကြားကာ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးသို့ သွားရောက်ကာဝန်ထမ်းများကို တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်