Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ မအူပင်မြို့နယ်ရှိ မအူပင်ရေနံနှင့် သဘာဝဓာတ်ငွေ့မြေအား ကြည့်ရှု

နေပြည်တော် မတ် ၁၁

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ယနေ့တွင်ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ရှိ မအူပင်ရေနံနှင့် သဘာဝ ဓာတ်ငွေ့မြေကို သွားရောက်စစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်ဝန်ကြီးချုပ်တို့သည် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ မအူပင်ရေနံနှင့်သဘာဝဓာတ်ငွေ့မြေသို့ရောက်ရှိရာ ရှင်းလင်းဆောင်တွင် ရေနံမြေအထွေထွေမန်နေဂျာက လုပ်ငန်းဆောင်ရွက်မှု၊ တွင်းအမှတ်(၂၀) တူးဖော်စမ်းသပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည့်အခြေအနေများ၊ သဘာဝဓာတ်ငွေ့ခိုအောင်းနေသော သဲကြောအတွင်း သဘာဝဓာတ်ငွေ့ နှင့်လေဆီများ ထုတ်လုပ်ပေးနိုင်မည့် ခန့်မှန်းပမာဏနှင့် တွင်းအမှတ်(၉)မှလည်း သဘာဝဓာတ်ငွေ့နှင့်လေဆီများ ထုတ်လုပ်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး တာဝန်ရှိသူ များက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တာဝန်ရှိသူများက ညောင်တုန်း-သာပေါင်းသဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ ကန်ကြီးထောင့်-သာပေါင်းအပိုင်း ပြုပြင်ဆောင်ရွက်မှုကိုလည်းကောင်း၊ မအူပင်ရေနံမြေတွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ရှာဖွေတူးဖော်နိုင်မည့် အလားအလာများကိုလည်းကောင်း၊ ဘုရားကုန်းဒေသတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေခြင်း လုပ်ငန်းဆောင်ရွက်မည့် စီမံချက်ကိုလည်းကောင်း ရှင်းလင်း တင်ပြကြသည်။

တင်ပြမှုများကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးမည့်ကိစ္စများကို ဆွေးနွေးမှာကြားပြီး ပြည်ထောင်စုဝန်ကြီးက သာပေါင်းစက္ကူစက်ရုံ ပြန်လည် လည်ပတ် နိုင်ရေးအတွက် လိုအပ်သောသဘာဝဓာတ်ငွေ့ကို စွမ်းအင်ဝန်ကြီးဌာနမှ ဖြည့်ဆည်းပေးနိုင်ရေးကိစ္စများ၊ ယခုမအူပင်တွင်းအမှတ်(၉) နှင့် (၂၀) တို့ကို သဲကြောတိုးချဲ့ သေနတ် ဖောက်ခြင်းကြောင့် ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များကို သာပေါင်းစက္ကူစက်ရုံသို့ ဖြန့်ဖြူးပေးရန်ကိစ္စများ၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း အစားထိုးပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းကို သတ်မှတ် အချိန်အတွင်းပြီးစီးရေး ကြိုးပမ်းဆောင် ရွက်ရန်ကိစ္စများကိုလည်းကောင်း ဆွေးနွေးမှာကြား သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မအူပင်တွင်းအမှတ်(၂၀) မှထွက်ရှိသော သဘာဝဓာတ်ငွေ့များမီးရှို့စမ်းသပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကသဘာဝဓာတ်ငွေ့တွင်းအား အောင်မြင်စွာတူးဖော်ထုတ်လုပ်ခဲ့သော ဝန်ထမ်းများကို ဂုဏ်ပြုသစ်သီးခြင်းနှင့် အင်အားပြည့် အစားအစာများ ပေးအပ်သည်။

အဆိုပါ ညောင်တုန်း-မအူပင်ရေနံနှင့်သဘာဝဓာတ်ငွေ့မြေသည် ထုတ်လုပ်ရေးတွင်းပေါင်း ၁၇ တွင်းမှ တစ်နေ့လျှင် လေဆီ စည် ၅၀ ခန့်နှင့် သဘာဝဓာတ်ငွေ့ ၂၂ သန်းကျော်ခန့် ထုတ်လုပ် ပေးလျက်ရှိပြီး ဓာတ်မြေဩဇာစက်ရုံများ၊ ရေနံဓာတ်ငွေ့ရည်စက်ရုံ များ၊ CNG ဓာတ်ငွေ့သုံးမော်တော်ယာဉ်များအတွက် အရောင်းဆိုင်များသို့ သဘာဝဓာတ်ငွေ့များ ဖြန့်ဖြူး ပေးနေသည့် အပြင်သာပေါင်းစက္ကူစက်ရုံ ပြန်လည်လည်ပတ်နိုင်ရေးအတွက် လိုအပ်သောသဘာဝဓာတ်ငွေ့များ ဖြန့်ဖြူးပေးနိုင်ရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်