နေပြည်တော် မတ် ၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် သက်ဆိုင်ရာ တာ၀န်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဆားမလောက်ရွာ အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနသို့သွားရောက်၍ ကျောင်းသား ကျောင်းသူ တက္ကသိုလ်၀င်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် ကျောင်းကုန်း မြို့နယ်ရှိ ကွင်းကြီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းနှင့် ပန်းတနော်မြို့နယ် အကယ်ချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များသို့ သွားရောက်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
၁၆၁၆၈၁ ဦး ၀င်ရောက်ဖြေဆို
တက္ကသိုလ်၀င်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အား မြန်မာနိုင်ငံတစ်၀န်းလုံးရှိ ပြည်တွင်းစာစစ်ဌာန ၈၅၈ ခုနှင့် နိုင်ငံခြားစာစစ်ဌာနငါးခု၊ စာစစ်ဌာန စုစုပေါင်း ၈၆၃ ခုတွင် စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၁၇၉၈၄၃ ဦး စာရင်းပေးသွင်းကြပြီး ၁၆၁၆၈၁ ဦး ၀င်ရောက်ဖြေဆိုကြသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် စာစစ်ဌာနစုစုပေါင်း ၂၀၇ ခု၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း၂၂၁၁၅ ဦးစာရင်းပေးသွင်းကြပြီး ၂၀၀၅၈ ဦး ၀င်ရောက်ဖြေဆို ကြကြောင်း သိရသည်။
သတင်းစဉ်