Skip to main content

ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးနှင့် တွေ့ဆုံ

နေပြည်တော် မတ် ၉

ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေး သင်တန်းအမှတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကလေးအလုပ်သမားဆိုင်ရာ ကိစ္စရပ်များကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု စနစ် တည်ထောင်ထားပြီး ထိခိုက်ခံစားရသူတို့၏ လူမှုရေးဆိုင်ရာပြဿနာများ ဖြေရှင်းရာတွင် စနစ်တကျ လေ့ကျင့်ပေးထားသော လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူများကို အရည်အသွေးမြင့်မားစေရန်အတွက် ရည်ရွယ်ခြင်းဖြစ်၍ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲသူများ၏ အကူအညီဖြင့် ရပ်ရွာအတွင်းရှိ အရင်းအမြစ်များနှင့် ဝန်ဆောင်မှုများကို အသုံးပြု၍ စီမံခန့်ခွဲဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဉ် (၂) တွင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းငါးဦး၊ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲသူ ၁၅ ဦး၊ ဦးစီးဌာန (ရုံးချုပ်)မှ Help Line တာဝန်ကျဝန်ထမ်း ၂၀ နှင့် စုစုပေါင်း သင်တန်းသား ၄၀ ဖြင့် မတ် ၁၀ ရက်အထိ နှစ်ရက်တာ ဖွင့်လှစ်ပေးခြင်းဖြင့် အလုပ်လုပ်ကိုင်နေသော ကလေးသူငယ်များ၏ပြဿနာများ ကြုံတွေ့လာရပါက သင်တန်းမှရရှိသော အသိပညာများဖြင့် လူမှုရေးပြဿနာများအား လူမှုဝန်ထမ်းနည်းလမ်းအသုံးပြု၍ ဖြေရှင်းဆောင်ရွက်ခြင်း၊ ချိတ်ဆက်ခြင်း၊ ညွှန်းပို့ခြင်းဖြင့် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာ UNOCHA ရုံး အကြီးအကဲ Mr. David Carden ဦးဆောင်သောအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် Mr. David Carden က မြန်မာနိုင်ငံရှိ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အဖွဲ့အစည်းများမှ နိုင်ငံခြားသားဝန်ထမ်းများ၏ ပြည်ဝင်ခွင့်ဗီဇာရရှိရေးနှင့် လူသားချင်းစာနာမှု အကူအညီပေးအပ်နိုင်ရေးကိစ္စ၊ အဖွဲ့အစည်းမှတ်ပုံ တင်ရေးကိစ္စ၊ UNOCHA နှင့် ဝန်ကြီးဌာနတို့အကြား နားလည်မှုစာလွှာအရ ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးတင်ပြသည်။

ပြည်ထောင်စုဝန်ကြီးက အသင်းအဖွဲ့မှတ်ပုံတင်ရန် ဝန်ကြီးဌာနက ထောက်ခံနိုင်မည့်ကိစ္စ၊ နားလည်မှုစာချွန်လွှာရှိပြီးပါက ဝန်ကြီးဌာနက ပြည်ဝင်ဗီဇာနှင့် ခရီးသွားလာခွင့်၊ ထောက်ခံချက် ပေးရန်ကိစ္စ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံ (AHA Centre)၊ အိန္ဒိယနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ ပေးအပ်နေသည့်အကူအညီများနှင့် စီမံကိန်းဆိုင်ရာကိစ္စ၊ UNOCHA မှ ထုတ်ပြန်သည့် Humanitarian Response Plan 2023 တို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

သတင်းစဉ်