နေပြည်တော် မတ် ၉
“အသုံးချသုတေသနများမှသည် ဖွံ့ဖြိုးတိုးတက်သော စိုက်ပျိုးရေးကဏ္ဍဆီသို့” ခေါင်းစဉ်ဖြင့် ကျင်းပသည့် စိုက်ပျိုးရေးဦးစီးဌာန၏ (၅)ကြိမ်မြောက် စာတမ်းဖတ်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် စိုက်ပျိုးရေးသုတေသန ဦးစီးဌာန၊ စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့မှ တက်ရောက် လေ့လာကြသူ လူငယ်ပညာရှင်များ၊ စိုက်ပျိုးရေးဦးစီးဌာန ရုံးချုပ်နှင့် တိုင်းဒေသကြီး ပြည်နယ်စိုက်ပျိုးရေးဌာနများမှ စာတမ်းရှင်များ၊ လူငယ်စွန့်ဦးပညာရှင်များနှင့် အွန်လိုင်းစနစ်ဖြင့် လေ့လာသူ ၅၀၀ ကျော်တို့ တက်ရောက်ကြသည်။
ရှေးဦးစွာ အလှည့်ကျစာတမ်းရှင်များက သက်ဆိုင်ရာခေါင်းစဉ်များအလိုက် စာတမ်းများ တင်သွင်းဖတ်ကြားကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏စားနပ်ရိက္ခာနှင့် စက်မှုလုပ်ငန်းကုန်ကြမ်းများ ပြည့်ဝဖူလုံရန်အတွက် အဓိက သီးနှံ ၁၀ မျိုး၏ ပန်းတိုင်အထွက် သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော်၏ မြေသယံဇာတ၊ ရေသယံဇာတအရင်း အမြစ်များကို အကျိုးရှိထိရောက်စွာ အသုံးချပြီး စိုက်ပျိုးမြေ တစ်ဧကချင်း၏ ထုတ်လုပ်မှုတိုးတက်ရေး၊ အရည်အသွေးမြင့်မားရေး၊ စီးပွားရေးအရ တွက်ခြေကိုက်သော ထုတ်လုပ်မှုဖြစ်စေရေးတို့အတွက် မိမိတို့ကျွမ်းကျင်ရာ ပညာရပ်များဖြင့် အကျိုးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် မိမိဘဝသမိုင်း မှတ်တိုင်ကောင်းကို စိုက်ထူသွားကြစေလိုကြောင်း၊ ယခုကျင်းပသည့် စာတမ်းဖတ်ပွဲသည် ဌာနအတွင်းရှိ လူငယ်ပညာရှင်များ စွမ်းဆောင်ရည်မြင့်မားရေးနှင့် နည်းပညာဖလှယ်ရေး သာမက စာတမ်းဖတ်ပွဲမှရရှိသည့် ရလဒ်များ၊ အကြံပြုချက်၊ သုံးသပ်ချက်များကို မှတ်တမ်းတင်ပြုစုပြီး နောင်တွင်ဌာနကဆောင်ရွက်မည့်လုပ်ငန်းများအတွက် ကိုးကားချက်အထောက် အထားများအဖြစ် အသုံးပြုနိုင်ရေးနှင့် လက်တွေ့နယ်ပယ်တွင် တောင်သူများ အကျိုးဖြစ်ထွန်းစေမည့် နည်းပညာပေးလုပ်ငန်းများတွင် ထည့်သွင်းအသုံးပြု ဆောင်ရွက်ရန်လိုကြောင်း၊ အသုံးချသုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆက်စပ်ဌာနများ၊ တောင်သူနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း၊ အကျိုးဆောင် တောင်သူများ ပူးပေါင်းပါဝင်သော နည်းပညာ ပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးကဏ္ဍ ပြောင်းလဲဖွံ့ဖြိုးတိုးတက်လာရေး ဆက်လက်ကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက စိုက်ပျိုးရေးဦးစီးဌာန (၅)ကြိမ်မြောက် စာတမ်းဖတ်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ဆုရွေးချယ်ခြင်းဆိုင်ရာ အမှတ်ပေးစနစ်များ၊ ဆုရစာတမ်းများကို ပုံနှိပ်ထုတ်ဝေရေးနှင့် လက်တွေ့လုပ်ငန်းခွင်များတွင် အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က စိုက်ပျိုးရေးဦးစီးဌာန၏ (၅)ကြိမ်မြောက် စာတမ်းဖတ်ပွဲတွင် ဆုရွေးချယ်ခံရသည့် ဆုရစာတမ်းရှင်များအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
မတ် ၇ ရက်မှ ၉ ရက်အထိ စိုက်ပျိုးရေးဦးစီးဌာန လူငယ်စွန့်ဦးပညာရှင်များအဖွဲ့ (YSI) က တာဝန်ယူဆောင်ရွက်သည့် (၅)ကြိမ်မြောက် စာတမ်းဖတ်ပွဲတွင် ဌာနခွဲများ၊ သုတေသနခြံများ၊ မျိုးစေ့ထုတ်ခြံများ၊ မျိုးသန့်ခြံများမှ လူငယ်ပညာရှင်များ၊ တိုင်းဒေသကြီး ပြည်နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် စိုက်ပျိုးပညာပေးရေး ဝန်ထမ်းများက ၎င်းတို့၏ လက်တွေ့လုပ်ငန်းခွင်များ၊ သုတေသနနှင့် တောင်သူပညာပေးလုပ်ငန်း အတွေ့အကြုံများကို အခြေခံ၍ စာတမ်းများ ပြုစုတင်ပြခဲ့ကြခြင်းဖြစ်ကြောင်း၊ တက်သစ်စလူငယ်ပညာရှင် အုပ်စုနှင့် အတွေ့အကြုံကောင်းရှိသူ လူငယ်ပညာရှင် အုပ်စုတို့က အာဟာရဆိုင်ရာစာတမ်း ရှစ်စောင်၊ အပင်ဇီဝနည်းပညာဆိုင်ရာစာတမ်း ငါးစောင်၊ စိုက်ပျိုးနည်းစနစ်ဆိုင်ရာစာတမ်း ၁၆ စောင်၊ သီးနှံမျိုးကွဲ ဖွံ့ဖြိုးဆိုင်ရာစာတမ်း ၁၄ စောင်၊ စိုက်ပျိုးစီးပွားဆိုင်ရာစာတမ်း ကိုးစောင်၊ မြေဆီ လွှာနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာစာတမ်း လေးစောင်၊ သီးနှံကာကွယ်ရေးဆိုင်ရာစာတမ်း တစ်စောင် စုစုပေါင်းစာတမ်း ၅၇ စောင် ဖတ်ကြားတင်သွင်းမှုအပေါ် တိုင်းဒေသကြီး၊ ပြည်နယ်များမှ အလှည့်ကျအမှတ်ပေးအဖွဲ့များက အကဲဖြတ်ရွေးချယ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်