Skip to main content

အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများ၊ AHA Center တို့မှ ကိုယ်စားလှယ်များပါဝင်သည့်အဖွဲ့ ရခိုင်ပြည်နယ်မှ IDP စခန်းများ၌ ပြောင်းရွှေ့နေရာချထားမည့် လုပ်ငန်းစဉ်များဆောင်ရွက်နေမှုနှင့် NVC ကတ်ထုတ်ပေးနေမှုတို့ကို သွားရောက်လေ့လာ

စစ်တွေ မတ် ၉

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်း နိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (AHA Center) မှ ကိုယ်စားလှယ်များသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရခိုင်ပြည်နယ်အတွင်းရှိ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ IDP စခန်း ပြောင်းရွှေ့နေရာချထားမည့် လုပ်ငန်းစဉ်များ ဆောင်ရွက်မှုများနှင့် NVC ကတ်ထုတ်ပေးနေမှုတို့ကို သွားရောက်ကြည့်ရှုလေ့လာကြသည်။

ထောက်ပံ့ပေးအပ်

ဦးစွာ ပြည်ထောင်စု‌ဝန်ကြီးနှင့်အဖွဲ့သည် နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ အမျိုးသမီးများအား နည်းမျိုးစုံ အကြမ်းဖက်ခြင်းမှ စောင့်ရှောက်သည့်ဂေဟာ (OSWSC)သို့ ရောက်ရှိကြပြီး ဂေဟာရှိစောင့်ရှောက်ခံအမျိုးသမီးများနှင့် ကလေးငယ်များကို အားပေးစကား ပြောကြားကာ လူသုံးကုန်ပစ္စည်းများ၊ စားသောက် ကုန်ပစ္စည်းများနှင့် ကလေးကစားစရာများကို ထောက်ပံ့ပေးအပ်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ရှိ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း၌ မတူကွဲပြားမှုများရှိသော်လည်း အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရန်နှင့် ပြဿနာများကို အတူတကွပူးပေါင်းဖြေရှင်းနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် လူမှုသဟဇာတနှင့် လူမှုပေါင်းစည်းရေးဆိုင်ရာ (ဆင့်ပွား) သင်တန်းသို့ရောက်ရှိရာ သင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက သင်တန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ သင်တန်းတွင် သင်ကြားနေမှုများကို ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း၌ စက်ချုပ်အတတ်ပညာဖြင့် လူမှုဘဝရပ်တည်နိုင်ရေးအတွက်ရည်ရွယ်၍ ဖွင့်လှစ်သည့် အခြေခံစက်ချုပ်သင်တန်းသို့ရောက်ရှိပြီး သင်တန်းတွင် တက်ရောက်သင်ကြားလျက်ရှိသည့် ဒေသခံတိုင်းရင်းသူများနှင့် IDP စခန်းများမှ အမျိုးသမီးများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားကာ လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့မှ တပ်မတော်ရဟတ်ယာဉ်များဖြင့်ထွက်ခွာလာရာ ကျောက်ဖြူလေဆိပ်သို့ရောက်ရှိပြီး ထိုမှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ကျောက်တစ်လုံး IDP စခန်းသို့ ရောက်ရှိကြကာ စခန်းခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ IDP စခန်းအတွင်းရှိ မိသားစုဝင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးက IDP စခန်း ပြောင်းရွှေ့နေရာချထားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်က IDP စခန်းအတွင်း ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက IDP စခန်းရှိ အိမ်ထောင်စု ၃၇၅ စုအတွက် Family Kit များ ကို ထောက်ပံ့ပေးအပ်ရာ IDP စခန်း စီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူများနှင့် IDP စခန်းရှိ မိသားစုများက လက်ခံရယူကြသည်။

လက်ခံရယူ

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က IDP စခန်းရှိ ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးအပ်ရာ IDP စခန်း မူလတန်းလွန် ကုလားပိုက်ဆိပ်ကျောင်း တာဝန်ခံနှင့် ကျောင်းသား ကျောင်းသူများက လက်ခံရယူကြသည်။

ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးက IDP စခန်းအသစ် ပြန်လည်နေရာ ချထားမည့်နေရာတွင် နေအိမ်မရရှိသေးသည့် အိမ်ထောင်စုခုနစ်စုအတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၁၅ သိန်းနှုန်း ဖြင့် စုစုပေါင်း ငွေကျပ် ၁၀၅ သိန်းကို ပေးအပ်လှူဒါန်းရာ မိသားစုဝင်များက လက်ခံရယူကြသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက IDP စခန်းရှိ ဆေးပေးခန်းအတွက် ဆေးရုံသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ အုန်းတောကျေးလက် ကျန်းမာရေးဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တစ်လုံး IDP စခန်းမှ ထွက်ခွာလာကြရာ ကျောက်ဖြူ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းသို့ ရောက်ရှိကြပြီး စက်ရုံတာဝန်ရှိသူတစ်ဦးက ကျောက်ဖြူသဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံစီမံကိန်း အဆောက်အအုံပုံစံငယ်ကို ရှင်းလင်းပြသပြီး စက်ရုံဝင်းအတွင်း လုပ်ငန်းဆောင်ရွက်မှုများကို လိုက်လံကြည့်ရှုကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ရှိ သက္ကေပြင် IDP စခန်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) ထုတ်ပေးနေမှုတို့ကို ကြည့်ရှုကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သက္ကေပြင် IDP စခန်းမှ ထွက်ခွာလာကြပြီး ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးစီမံကိန်းသို့ရောက်ရှိကြရာ ရှင်းလင်းဆောင်၌ ရခိုင်ပြည်နယ် ဆိပ်ကမ်းအရာရှိချုပ် ဦးနေဦးက ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြပြီး ဆိပ်ကမ်းကိုလှည့်လည်ကြည့်ရှုကြသည်။

သတင်းစဉ်