ရန်ကုန် ဩဂုတ် ၈
ရထားသွားလာမှုနှောင့်နှေးကြန့်ကြာမှု နည်းပါးစေရေး နှင့်မော်တော်ယာဉ်များ ဖြတ်သန်းသွား လာရာ ၌ အဆင်ပြေ လွယ်ကူချောမွေ့စေရန်အတွက် အလုံမြို့နယ် အလုံဘူတာ နှင့် ဘုရားလမ်း ဘူတာကြား၌ အလုံရထားလမ်းကူးခုံးကျော် တံတားဟောင်းအားဖျက်သိမ်း၍ တံတားသစ်ဖြင့် အစားထိုး တည်ဆောက်နေရာ ယခုအခါ တည်ဆောက်ပြီးစီးနေပြီ ဖြစ်ပြီး ချဉ်းကပ်လမ်းနှင့် မြေကာနံရံလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်နေကြောင်း မြန်မာ့မီးရထားမှ သိရသည်။
အဆိုပါ ရထားလမ်းကူး ခုံးကျော်တံတားသစ်သည် သံကူကွန်ကရစ်ဘိုးပိုင် RC Abutment၊ PC Girder နှင့် သံကူကွန်ကရစ်ကြမ်းခင်း အမျိုးအစားဖြစ်ကာ တံတား အရှည် ၅၄ ပေ၊ ယာဉ်သွားလမ်း အကျယ် ၄၄ ပေနှင့်လူသွား လမ်းပလက်ဖောင်းတစ်ဖက်လျှင် သုံးပေစီပါဝင်ကာ တံတား အမြင့်မှာ ၁၆ ပေရှိကြောင်း သိရသည်။
လက်ရှိ တံတားတည်ဆောက်ရေးလုပ်ငန်းအနေဖြင့် လုပ်ငန်းတစ်ခုလုံး ၈၀ ရာခိုင်နှုန်းဆောင်ရွက် ပြီးစီးနေပြီ ဖြစ်ပြီး ရထားလမ်းပြင်ဆင်မှုများနှင့် ရထားလမ်းကူး ခုံးကျော်တံတားသစ် တည်ဆောက်မှုကြောင့် ပြည်သူများ အတွက် အဆင်ပြေစေတော့မည်ဖြစ်ကြောင်း၊ နှစ်စဉ် မိုးတွင်း ကာလ မိုးသည်းထန်စွာ ရွာသွန်းချိန်များတွင် ဘူတာအတွင်းရေကြီးမှုများအား ရေစီးရေလာ ကောင်းမွန် စေ၍ ရထားလမ်းရေကျော်ခြင်းများ ပပျောက်စေနိုင်တော့မည်ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ သိရသည်။
အဆင့်မြှင့်တင်တည်ဆောက်
ယခင်ရှိခဲ့သည့် အလုံလမ်းခုံးကျော်တံတားဟောင်းမှာ အကျယ် ၂၆ ပေ ၆ လက်မသာရှိပြီး တံတား ကျဉ်းမြောင်းနေ သဖြင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာရာ၌ သတိပြု ဖြတ်သန်းမောင်းနှင် နေကြရကြောင်း၊ တံတား အမြင့် ၁၂ ပေ ၆ လက်မသာရှိနေသည့်အတွက်ကြောင့် ရထားလမ်းမြင့် စေရန် လမ်းအားမြှင့်ပါက RBE ရထားတွဲ ဆိုင်းများနှင့် မလွတ်သည့်အတွက်ကြောင့် အလုံရထား လမ်း ခုံးကျော်တံတားသစ်အား သံကူကွန်ကရစ်ဖြင့် အစားထိုး တည်ဆောက်ခြင်းဖြစ်ပြီး တံတား သစ်တည်ဆောက်ရန် အတွက် တံတားဟောင်းအား ဧပြီ ၁ ရက်တွင် ဖျက်သိမ်း ခဲ့ကာယင်းရက်၌ပင် တံတားအဆင့်မြှင့်တင်တည်ဆောက် ရေးလုပ်ငန်းများအားစတင်ဆောင်ရွက်ခဲ့ကြောင်း မြန်မာ့ မီးရထားမှသိရသည်။
သတင်း-ပွင့်သစ္စာ၊ ဓာတ်ပုံ-စိုးမြင့်အောင်