Skip to main content

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် (၁၈) ကြိမ်မြောက် ဩဝါဒခံယူပွဲအခမ်းအနား ကျင်းပ

နေပြည်တော် မတ် ၄

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်ကြီးများထံမှ (၁၈) ကြိမ်မြောက် သြဝါဒခံယူပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် စေတီတော်ရင်ပြင် ဓမ္မာရုံအတွင်း၌ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက၊ မန္တလေးတိုင်းဒေသကြီး ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသကိုယ်စား နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ကိုးဆောင်တိုက်၊ သီရိမာလာကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဇောတိပါလ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ သီဟိုဠ် ပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရနှင့် ဒေသခံသြဝါဒါစရိယ ဆရာတော်ကြီးများ ကြွရောက်ချီးမြှောက်တော်မူကြသည်။

အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ဂေါပကအဖွဲ့ဝင်များနှင့် ဂေါပကအဖွဲ့ရုံးဝန်ထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက သာသနာရေးဆိုင်ရာများလျှောက်ထားပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ကိုးဆောင်တိုက်၊ သီရိမာလာကျောင်းဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ ဘဒ္ဒန္တဇောတိပါလထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ သီဟိုဠ်ပရိယတ္တိ စာသင်တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရထံမှ ရေစက်ချ အနုမောဒနာတရားနာယူကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

သတင်းစဉ်