Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Mongkol Visitstump ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

နေပြည်တော် ဖေဖော်ဝါရီ ၁၄

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Mongkol Visitstump ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်အောင်မြင်ခဲ့မှု၊ နယ်စပ်ဒေသများတွင် ငှက်ဖျားရောဂါ၊ ခုခံကျ/ကာလသားရောဂါ၊ တီဘီရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးကိစ္စ၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၌ ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (Thai-land International Coopera-tion Agency: TICA)၏ အထောက်အပံ့ဖြင့် အဆင့်မြင့်ဆေးရုံ တည်ဆောက်ရေးလုပ်ငန်းကိစ္စ၊ ထိုင်းနိုင်ငံမှ ဆေးပညာရပ်ဆိုင်ရာ တက္ကသိုလ်များနှင့် နားလည်မှုစာချွန်လွှာ(MoU) လက်မှတ်ရေးထိုး၍ ဆေးပညာသင်ကြားမှု တိုးမြှင့်ရေးကိစ္စ၊ နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ကျန်းမာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (ကုသရေးဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်