နေပြည်တော် ဖေဖော်ဝါရီ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်အောင်မြို့နယ်အတွင်း NUG၊ CRPH လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက ဘုရားဖူးပြန်လာသည့် မော်တော်ယာဉ်အား လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် သံဃာတော် ၁ ပါး အပါအဝင် ၂ ဦး သေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးသန်းထွေးမောင်းနှင်ပြီး ကလိန်အောင်မြို့၊ ရာဖူးသစ်ကျေးရွာ၊ ဗုဒ္ဓသာသနာရက္ခိတကျောင်း ကျောင်းထိုင် ဆရာတော်ဘဒ္ဒန္တဥက္ကဋ္ဌနှင့် တပည့်ဒါယကာ ၈ ဦးတို့သည် ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းတွင် ရာဖူးသစ်ကျေးရွာမှ ထားဝယ်မြို့ရှိ ဘုရားများအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ပြန်လည်ထွက်ခွာလာစဉ် ညနေ ၃ နာရီခန့်တွင် ကလိန်အောင်မြို့၏ တောင်ဘက် ၁၄ မိုင်ခန့်အကွာ နှမ်းကြဲ ကျေးရွာအနီးသို့ အရောက်၌ PDF အမည်ခံအကြမ်းဖက် သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် ဆရာတော် ၁ ပါး ပျံလွန်တော်မူခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံးကာ ၆ ဦးတို့တွင် လက်နက်ငယ်ကျည်များထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ သေဆုံး၊ ဒဏ်ရာရရှိသူများအား ထားဝယ်မြို့၊ ပရဟိတအသင်းမှ မော်တော်ယာဉ်ဖြင့် ထားဝယ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုနှင့် ပူးပေါင်းလက်တွဲကာ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။