နေပြည်တော် ဖေဖော်ဝါရီ ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်(၇)ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကို ပြသရန်၊ တိုင်းပြည်အေးချမ်း သာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ်စေရန်ရည်သန်လျက် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများ၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်း အစရှိသော စာပေကျမ်းဂန်များနှင့်အညီ တည်ဆောက်ပူဇော်လျက်ရှိသည်။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနတွင် ဌာပနာတော် သွင်းလှူပူဇော်ခြင်းကို ဇန်နဝါရီ ၂၇ ရက်တွင်ပြုလုပ်ခဲ့ပြီး (၇)ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ရွှေထည် ၁၀၄ ကျပ်သား ၆ ပဲ ၃ ရွေး၊ ကျောက်မျက် ရတနာပါရွှေထည်ပစ္စည်း ၂၀၀ ကျပ်သား ၁ ပဲ ၁ ရွေး၊ ကျောက်မျိုးစုံ ၃ ကီလိုဂရမ် အပါအဝင် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေ ကျောက်သံပတ္တမြားများကို ဌာပနာသွင်းလှူပူဇော်နိုင်ခဲ့သည်။
ထို့ပြင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ထပ်မံထည့်သွင်းလှူဒါန်းပူဇော်မည်ဖြစ်ပါသဖြင့် ကုသိုလ်တော် ရေရှည်တည်တံ့ခိုင်မြဲနိုင်မည့် အဖိုးတန်ကျောက်မျက်ရတနာများ ဌာပနာကုသိုလ်ပြုနိုင်ရန်အတွက် နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်ထားလျက်ရှိရာ (၇)ရက် သား၊ သမီး၊ ဘုရား ဒါယိကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များက ဝမ်းပန်းတသာ ဆက်သွယ်၍ ဌာပနာကုသိုလ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများထံသို့ ထည့်ဝင်လှူဒါန်းလျက်ရှိကြပြီး ယနေ့အထိ လှူဒါန်းမှုစုစုပေါင်းမှာ ရွှေထည် ၁၀ ပိဿာ ၂ ကျပ်သား၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၅ ပိဿာ ၅၆ ကျပ်သား၊ ကျောက်မျိုးစုံ ၇၉ ပိဿာ ၂၅ ကျပ်သား၊ ဓာတ်တော်မွေတော်၊ ပုလဲ၊ နှင့် ငွေထည်ပစ္စည်းများ၊ ဘွဲ့တံဆိပ်များနှင့် အလှူငွေ ၇၆၀၉၀၂၈၀၀ ကျပ် တို့ကို လာရောက်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
(၇)ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များအနေဖြင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာတော်ထပ်မံထည့်သွင်း သွင်းလှူပူဇော်လိုပါက နေပြည်တော် ကောင်စီနယ်မြေအပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ တာဝန်ရှိသူများထံသို့ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ဆက်သွယ်စုံစမ်း လှူဒါန်းနိုင်ပါကြောင်းနှင့် အဆိုပါ ၈ ရက်နေ့နောက်ပိုင်းတွင် ကြိုတင်ပြင်ဆင်ရန် လုပ်ငန်းများရှိပါသဖြင့် အဖိုးတန်ကျောက်မျက်ရတနာများ ဌာပနာပစ္စည်းများကို လက်ခံခြင်းမရှိတော့ဘဲ လှူဒါန်းငွေများကိုသာ လက်ခံသွားမည်ဖြစ်ကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်။