နေပြည်တော် ဖေဖော်ဝါရီ ၄
ကယားပြည်နယ်အတွင်း KNPP အဖွဲ့နှင့် KNDF အမည်ခံအကြမ်းဖက်သမားများ၏ အုပ်ချုပ်ရေးအဆောက်အဦများ ဘာသာရေးအဆောက်အဦများ၊ ဆေးရုံ၊ ကျောင်းများနှင့် လူနေအဆောက်အဦများအပေါ် လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drop Bomb များဖြင့် နှောင့်ယှက်ပစ်ခတ်ခြင်းစသော အကြမ်းဖက်လုပ်ရပ်များကြောင့် အပစ်မဲ့ပြည်သူများသေဆုံး၊ ထိခိုက်ဒဏ်ရရှိမှုများအပေါ် မြို့နေပြည်သူများက ကျေနပ်မှုမရှိသဖြင့် ၎င်းတို့အခြေပြုရာစခန်းကို သတင်းအတိအကျ ပေးပို့လာမှုအရ တပ်မတော်စစ်ကြောင်းများက လေကြောင်းပစ်ကူ၊ အမြာက်ပစ်ကူများရယူ၍ အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု(Counter-Terrorism Action) အပေါ် မီဒီယာကျင့်ဝတ်နှင့် မညီသော မီဒီညာ၊ မီဒီယာလိမ်များက သတင်းအမှားများ ဝါဒဖြန့်ချိလျက်ရှိကြောင်း တွေ့ရှိရသည်။
KNPP အဖွဲ့နှင့် KNDF အမည်ခံအကြမ်းဖက်သမားများသည် ကယားပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရေးအတွက် အကြမ်းဖက်လုပ်ရပ်များကို နည်းမျိုးစုံဖြင့်ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ အရပ်ဖက်ခရီးသည်တင်လေယာဉ်သည် လွိုင်ကော်လေဆိပ်သို့ ဆင်းသက်စဉ်ပစ်ခတ်တိုက်ခိုက်ခြင်း၊ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်နေ့တွင် လွိုင်ကော်တက္ကသိုလ်နှင့် အကျဉ်းထောင်တို့အားပစ်ခတ်ခြင်း၊ ဇူလိုင် ၆ ရက်နေ့တွင် လောပိတသင်္ဘောပင်စခန်းနှင့် ဘီးလူးချောင်း(၁၀)မိုင်ကုန်းစခန်းတို့အား လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်ခြင်း၊ စက်တင်ဘာ ၃၀ ရက်နေ့တွင် အရပ်ဖက်ခရီးသည် ပို့ဆောင်ရေးလေယဉ် ATR- 72 အား ပစ်ခတ်တိုက်ခိုက်ခြင်း၊ နိုဝင်ဘာ ၁၁ ရက်နေ့တွင် လေဆိပ်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့တွင် လေဆိပ်သို့ Drop Bomb များဖြင့် နံနက်ပိုင်းတွင် တစ်ကြိမ်၊ ညနေပိုင်းတွင် တစ်ကြိမ်တိုက်ခိုက်ခြင်း၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်နှင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်နေ့တို့တွင် လွိုင်လင်လေးနယ်မြေခံတပ်ရင်းသို့ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်မှုများပြုလုပ်လာခဲ့သဖြင့် အပစ်မဲ့ပြည်သူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။
ထို့အပြင် ကယားပြည်နယ်၏ နေ့ထူးနေ့မြတ်ဖြစ်သည့် (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုဒ်ဦးဖွင့်ပွဲအခမ်းအနားအား ဇန်နဝါရီ ၁၅ ရက်နေ့တွင် လွိုင်ကော်မြို့ ပြည်နယ်ခန်းမရှေ့၌ ဒေသခံတိုင်းရင်းသားပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် လွိုင်ကော်မြို့၏ အရှေ့မြောက်ဖက် မီတာ ၄၀၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် ကျောင်းသား ကျောင်းသူကလေးငယ် ၆ ဦး၊ အပစ်မဲ့ပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာရှိခဲ့ပြီး အမျိုးသား ၁ ဦးသေဆုံးခဲ့သည်။ အကြမ်းဖက်အဖွဲ့များအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ခဲ့မှုစုစုပေါင်း ၂၁ ကြိမ် ပြုလုပ်ခဲ့သည်။
ထိုသို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့များက ၎င်းတို့အကြမ်းဖက်မှုများလုပ်ဆောင်ရန် အခြေပြုသည့် နေရာများနှင့် လက်နက်ကြီးပစ်ခတ်သည့်နေရာများအား အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု (Counter-Terrorism Action) များလုပ်ဆောင်ခဲ့ရာ မယ်တော်ဂူ၊ ကျိုက်ထီးရိုးလေး၊ လွယ်တမူဒေသနှင့် လွိုင်ကော်မြို့ ပတ်ဝန်းကျင်တစ်ဝိုက်တို့တွင် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ ထိတွေ့တိုက်ပွဲပေါင်း ၅၅ ကြိမ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး အကြမ်းဖက်အဖွဲ့များထံမှ အလောင်း၊ လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်ရမိခဲ့သည်။
အကြမ်းဖက်အဖွဲ့များ၏ ရက်စက်သောအကြမ်းဖက်လုပ်ရပ်များကြောင့် အပစ်မဲ့ပြည်သူများ သေဆုံး၊ ဒဏ်ရာရှိမှုများအပေါ် မလိုလားသည့် ဒေသခံပြည်သူများ၏ တိကျစွာသတင်းပေးပို့မှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မြေပြင်သတင်းစိစစ်ဖော်ထုတ်ချက်များအရ လွိုင်ကော်မြို့၏ အရှေ့မြောက်ဖက် ၁၀ မိုင်ခန့်အကွာ ဒေသအခေါ်ဆင်စခန်း၌ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်လျက်ရှိသော KNDF တပ်ရင်း(၂) အခြေပြုနေကြောင်းသိရှိရ၍ ဖေဖော်ဝါရီ ၃ ရက်နေ့တွင်လေကြာင်းပစ်ကူနှင့် အမြှောက်ပစ်ကူများရယူကာ အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု(Counter - Terrorism action) ပြုလုပ်ခဲ့ရာ အကြမ်းဖက်သမားများ ထိခိုက်ကျဆုံးခဲ့ပြီး ၎င်းတို့၏ လက်နက်၊ ခဲယမ်းများနှင့် အဆောက်အဦများ ထိခိုက်ဆုံးရှုံးခဲ့ကြောင်း မြေပြင်သတင်းဖော်ထုတ်ချက်များအရ သိရှိရသည်။
၎င်းဖြစ်စဉ်အပေါ် KNPP အဖွဲ့နှင့် KNDF အမည်ခံအကြမ်းဖက်အဖွဲ့များက မီဒီညာ၊ မီဒီယာလိမ်များမှတဆင့် KNDF တပ်ရင်း (၂)အခြေပြုရာစခန်းအား စစ်ဘေးရှောင်စခန်းအဖြစ်ပုံဖော်၍ စစ်ဘေးရှောင်များ၏ ဆေးကုသရာဆေးခန်း၊ စာသင်ကျောင်းနှင့် ရိက္ခာဂိုဒေါင်တို့ကို တပ်မတော်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့လေကြောင်းမှ လာရောက်ဗုံးကျဲသည့်အသွင်သဏ္ဍန်ဖြင့် ကောလာဟလများ မဟုတ်မမှန် ဝါဒဖြန်ချိလျက်ရှိသည်။
ထိုကဲ့သို့ ပြည်ဖျက်မီဒီယာများ၏ မဟုတ်မမှန်သတင်းအမှားများ ဖြန့်ချိမှုများအား ပြည်သူများအနေဖြင့် သိရှိနိုင်ပါရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အကြမ်းဖက်ချေမှုန်းရေးဆောင်ရွက်မှု(Counter - Terrorism action)များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။