Skip to main content

ဝန်ကြီးဌာနများအတွက် စီးပွားရေးစာချုပ်စာတမ်းများဆိုင်ရာ အခြေခံသင်တန်းအမှတ်စဉ် ၁/၂၀၂၃ သင်တန်းဖွင့်ပွဲ ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၆

ဥပဒေရေးရာဝန်ကြီးဌာန၏ စီးပွားရေးစာချုပ်စာတမ်းများ စိစစ်ခြင်းဆိုင်ရာအခြေခံသင်တန်းအမှတ်စဉ်၊ ၁/၂၀၂၃ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲတွင် ဥပဒေရေးရာဝန်ကြီးဌာနရှိ မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းမှာ ဥပဒေရေးရာဝန်ကြီးဌာန၊ တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄)၏ ပန်းတိုင်(၂)ရည်မှန်းချက် ၂၊ ၂ နှင့်အညီ ဥပဒေဝန်ဆောင်မှုကို ပုံစံအမျိုးမျိုးဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဥပဒေအသိပညာပြန့်ပွားရေး ဆောင်ရွက်ချက်တစ်ရပ်အဖြစ် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာန အသီးသီးနှင့်ပူးပေါင်း၍ တာဝန်ထမ်းဆောင်လျက်ရှိသော အရာရှိများကို စီးပွားရေးစာချုပ်စာတမ်းများအပေါ် အခြေခံစိစစ်ခြင်းဆိုင်ရာကိစ္စရပ်များကို သိရှိနားလည်စေရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ စာချုပ်ချုပ်ဆိုရာတွင် မြန်မာနိုင်ငံ၏ သက်ဆိုင်ရာတည်ဆဲဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်စေရန်ဖြစ်ကြောင်း၊ စာချုပ်ချုပ်ဆိုရာတွင်လည်း စည်းကမ်းချက်များ ပြည့်စုံစေရန်အတွက် လိုအပ်ချက်များ၊ အချိန့်ကြန့်ကြာမှုများမရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း။

ယခုသင်တန်းသည် နိုင်ငံတော်အစိုးရအဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအကြား ချုပ်ဆိုမည့်စာချုပ်များကို စိစစ်ရာ၌ မလိုလားအပ်သည့် အချိန်ကြန့်ကြာမှုများလျော့ကျပြီး ပိုမိုမြန်ဆန်သောလုပ်ငန်းစဉ်ဖြင့် ထိရောက်စွာစိစစ်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနသည် စာချုပ်ဝင်နှစ်ဖက်အကြား အပြီးသတ်ပြုစုထားသည့် စာချုပ်(မူကြမ်း)များအပေါ် သက်ဆိုင်ရာဌာနက သဘောထားမှတ်ချက်တောင်းခံလာပါက ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ စိစစ်အကြံပြုပြန်ကြားပေးနေပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများ မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်ခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရအဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများအကြား ယုံကြည်စိတ်ချမှု၊ စီးပွားရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဥပဒေရေးရာခိုင်မာမှုများရရှိစေရန်ချုပ်ဆိုသည့် စီးပွားရေးစာချုပ်စာတမ်းများအပေါ်တွင် နှစ်ဦးနှစ်ဖက်နစ်နာမှုများမရှိစေရေးအတွက် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်သုံးသပ်အကြံပြုပြန်ကြားပေးရကြောင်း။

စီးပွားရေးလုပ်ငန်းစာချုပ်များမှာ လုပ်ငန်းသဘောသဘာဝအပေါ်မူတည်၍ စာချုပ်အမျိုးအစားအမျိုးမျိုးကွဲပြားနိုင်ကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်သူများအနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးဥပဒေမူဘောင်၊ စီးပွားရေးဆိုင်ရာအငြင်းပွားမှုများဖြေရှင်းခြင်း၊ စာချုပ်စာတမ်း တစ်ရပ်တွင်ပါရှိရမည့် စည်းကမ်းချက်များ၏ သဘောသဘာဝများ၊ ပြင်ဆင်စာချုပ်၊ ရပ်စဲခြင်းသဘောတူစာချုပ်၊ ဖက်စပ်စာချုပ်(JV)၊ B.O.T စနစ်ဖြင့် မြေနှင့်အဆောက်အဦ ငှားရမ်းခြင်းသဘောတူစာချုပ်၊ မြေနှင့် အဆောက်အဦငှားရမ်းခြင်းစာချုပ်(Land Lease Agreement)နှင့် ပဋိညာဉ်အကြောင်းသိကောင်းစရာ၊ Deed of Assignment တို့နှင့်စပ်လျဉ်းပြီး စာချုပ်မူကြမ်းပြုစုခြင်း၊ စိစစ်ဆောင်ရွက်ခြင်းတို့ကို သိရှိနားလည်ခြင်းအားဖြင့် မိမိတို့၏ အရည်အသွေးများ ပိုမိုတိုးတက်မြင့်မားလာစေမည်ဖြစ်သောကြောင့် ယခုသင်တန်းကို သေချာမှတ်သား၍ လေ့လာရန်တိုက်တွန်းပြောကြားသည်။

အဆိုပါသင်တန်းသို့ ဝန်ကြီးဌာန ၁၅ ခုနှင့် တရားလွှတ်တော်ရှေ့နေကောင်စီတို့မှ သင်တန်းသား၊ သင်တန်းသူ ၅၁ ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)