Skip to main content

လုံခြုံစိတ်ချ သင့်တင့်လျောက်ပတ် အေးမြသည့်အရိပ်အာဝါသ၌ခိုလှုံ

လူသားအချင်းချင်း စာနာထောက်ထားမှုဖြင့် စောင့်ရှောက်ကူညီခြင်းအမှုကို ပြုကြရသည်။ ဒုက္ခအခက်အခဲကြုံလာသည့်အခိုက်၌ ကူညီစောင့်ရှောက်ခြင်းသည် မေတ္တာတရားကြီးမားပေသည်။ မိမိနိုင်ငံသားအချင်းချင်း ပစ်ပယ်ခြင်းမပြုဘဲ အကူအညီလိုအပ်သည့်အချိန်တွင် မဆိုင်းမတွ ဆောင်ကြဉ်းပေးခြင်းသည် မင်္ဂလာတရားနှင့် ညီညွတ်ပေသည်။ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရပေမည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ ပြည်ပနိုင်ငံများတွင် ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲရှိနေသော နိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိသည်။ ပြည်ပရောက် မြန်မာနိုင်ငံသားများအနက် ထိုင်းနိုင်ငံတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲကြုံတွေ့လျက်ရှိသည့် မြန်မာနိုင်ငံသား ၆၇၉ ဦးအား ဖေဖော်ဝါရီလ ၂ ရက်နေ့က ရေယာဉ်များဖြင့် သွားရောက်ခေါ်ဆောင်ခဲ့သည့်သတင်းကို မြင်တွေ့ရသဖြင့် ဝမ်းမြောက်ပီတိ ဖြစ်ရသည်။

မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ ရေယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာတာဝန်ရှိအကြီးအကဲများနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက နွေးထွေးပျူငှာစွာကြိုဆိုကြပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ လိုအပ်သော ကျန်းမာရေး၊ နေထိုင်စားသောက်တည်းခိုရေး အစစအရာရာတို့ကို ကူညီဆောင်ရွက်ပေးကြသည်။ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများကို ကော့သောင်းမြို့မှတစ်ဆင့် သက်ဆိုင်ရာနေရပ်အသီးသီးရှိ မိဘရင်ခွင်ထံသို့ လိုအပ် သောကိစ္စအဝဝတို့ကို ဖြည့်ဆည်းပေးပြီး မော်တော်ယာဉ်များဖြင့်လည်းကောင်း၊ ရေယာဉ်များဖြင့်လည်းကောင်း ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက်အရ ပြည်ပရောက် မြန်မာနိုင်ငံသားများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက မလေးရှားနိုင်ငံတွင် အခက်အခဲကြုံတွေ့နေသော မြန်မာနိုင်ငံသား ၁၀၈၆ ဦးနှင့် အိန္ဒိယနိုင်ငံ ပို့ပလဲယားမှ မြန်မာနိုင်ငံသား ၇၀ တို့အား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် နှစ်ကြိမ်သွားရောက်ခေါ်ဆောင်ခဲ့ပြီး ယခုတစ်ဖန် ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသား ၆၇၉ ဦးကို ထပ်မံခေါ်ဆောင်ပေးခဲ့သည်။ အခက်အခဲ ကြုံတွေ့နေသော ပြည်ပရောက်မြန်မာနိုင်ငံသားများအား လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ကူညီပေးခဲ့သဖြင့် ပြည်သူများထံမှလည်း ကျေးဇူးတုံ့ပြန် စကားများ ပြန်လည်ကြားသိခဲ့ရသည်။

ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့ကြရသော မြန်မာနိုင်ငံသားများတွင် တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် သွားရောက်ခဲ့ကြသူများဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူခံရသူများဖြစ်သည်။ မြန်မာနိုင်ငံမှ နိုင်ငံသားများသည် အလုပ်အကိုင်ရရှိပြီး ဝင်ငွေရရှိလိုသောဆန္ဒဖြင့် ပြည်ပနိုင်ငံများသို့ နည်းလမ်းအမျိုးမျိုးဖြင့် သွားရောက်ကြရာ အခက်အခဲအမျိုးမျိုးတွေ့ကြ ရသည်။ လောကတွင် အရိပ်အာဝါသအမျိုးမျိုးတို့၌ မိခင်နိုင်ငံ၊ မိဘ၏အရိပ်အာဝါသသည်သာ လုံခြုံစိတ်ချအေးမြဆုံးဖြစ်သည်။ သူတစ်ပါးနိုင်ငံ၊ သူတစ်ပါးအရိပ်အာဝါသအောက်တွင် နေထိုင်ရသည့်အခါ လုံခြုံစိတ်ချမှုကင်းဝေးပြီး အခက်အခဲမျိုးစုံကြုံတွေ့ ကြရသည်ကို မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော နိုင်ငံသားများ သိရှိခံစား လာကြသည်။

ပင်လယ်ရပ်ခြားပြည်ပနိုင်ငံများရောက် မြန်မာနိုင်ငံသားများအား ယခုကဲ့သို့ ပြန်လည်ခေါ်ယူရာတွင် တပ်မတော်သည် အဓိကဦးဆောင် ဆောင်ရွက်ပေးခဲ့သည်။ တပ်မတော်၏ လုပ်ငန်း တာဝန်လေးရပ်တွင် လူသားချင်းစာနာထောက်ထားခြင်း လုပ်ငန်းတာဝန်တစ်ရပ်လည်း ပါဝင်သဖြင့် မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံများတွင် ဒုက္ခအခက်အခဲရောက်နေချိန်၌ ကယ်ဆယ်စောင့်ရှောက် ပေးခြင်းတာဝန်ကို မွန်မြတ်စွာ ထမ်းဆောင်နိုင်ခဲ့သည်။ သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးတို့ကလည်း အခက်အခဲကြုံတွေ့နေသော မြန်မာနိုင်ငံသားများ၏အရေးကို ကျရာကဏ္ဍများ၌ ကျေပွန်စွာထမ်းဆောင်ပေးခဲ့ကြသဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ရပေသည်။

 

ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းပြည်သာယာဝပြော ရေးနှင့် စားရေရိက္ခာ ဖူလုံရေးဟူသော အမျိုးသားရေးရည်မှန်းချက်ကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံသူ နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်းများ အဆင်ပြေပြီး လူမှုစီးပွားဘဝများ မြင့်မားတိုး တက်လာရေးအတွက် ဖန်တီးဆောင်ရွက်ပေးနေပြီဖြစ်ရာ လုံခြုံစိတ်ချပြီး သင့်တင့်လျောက်ပတ်မှုရှိသော မိမိနိုင်ငံတွင်သာ ကြိုးပမ်းလုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် မိမိတို့၏ဘဝ၊ မိမိတို့နိုင်ငံအနာဂတ် ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ပါကြောင်း။ ။