Skip to main content

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဌာပနာတော် ထပ်မံထည့်သွင်းလှူဒါန်းပူဇော်မည်ဖြစ်ပါသဖြင့် သွင်းလှူပူဇော်နိုင်ရေး အသိပေးနှိုးဆော်ခြင်း

နေပြည်တော် ဖေဖော်ဝါရီ ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် (၇) ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ်စေရန်ရည်သန်လျက် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများ၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်း အစရှိသော စာပေကျမ်းဂန်များနှင့်အညီ တည်ဆောက်ပူဇော်လျက်ရှိပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက်အလယ်ဗဟိုဌာနတွင် ဌာပနာတော်သွင်းလှူပူဇော်ခြင်းကို ဇန်နဝါရီ ၂၇ ရက်တွင် ပြုလုပ်ခဲ့သည်။

ထို့ပြင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ထပ်မံထည့်သွင်းလှူဒါန်းပူဇော်မည်ဖြစ်ပါသဖြင့် ကုသိုလ်တော် ရေရှည်တည်တံ့ခိုင်မြဲနိုင်မည့် အဖိုးတန်ကျောက်မျက်ရတနာများ ဌာပနာကုသိုလ်ပြုနိုင်ရန်အတွက် လှူဒါန်းပူဇော်လိုသည့် (၇) ရက် သား၊ သမီး၊ ဘုရား ဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်၊ အလှူရှင်များအနေဖြင့် အချိန်မီသွင်းလှူပူဇော်နိုင်ရေး အောက်ပါဖုန်းနံပါတ်များသို့ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ အသိပေးနှိုးဆော်အပ်ပါသည်။