Skip to main content

ထိုင်းနိုင်ငံတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် ပြန်လာရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံသားများအား တပ်မတော်မှ ပြန်လည်ခေါ်ဆောင်

နေပြည်တော် ဖေဖော်ဝါရီ ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ ပြည်ပနိုင်ငံများတွင် ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ ပြန်လာရန်အခက်အခဲရှိသော မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ ထိုင်းနိုင်ငံတွင်ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲကြုံတွေ့လျက်ရှိသည့် မြန်မာနိုင်ငံသား ၆၇၉ ဦးအား ထိုင်းနိုင်ငံတာဝန်ရှိသူများထံမှ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထူးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့က ထိုင်းနိုင်ငံ၊ ရနောင်းမြို့ အကောက်ခွန်တံတားတွင် စနစ်တကျသွားရောက် လွှဲပြောင်းလက်ခံ၍ ရေယာဉ်များဖြင့် သွားရောက်ခေါ်ဆောင်ခဲ့ရာ ကော့သောင်းမြို့၊ ရွှေဝက်ဝံဆိပ်ခံတံတားသို့ ယနေ့နေ့လယ် ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် ပြန်လည်ရောက်ရှိခဲ့ကြသည်။

အဆိုပါ ရောက်ရှိလာသော နေရပ်ပြန်မြန်မာနိုင်ငံသားများကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးရင်ထွေး၊ ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ နေရပ်ပြန်မြန်မာနိုင်ငံသားများ၏ မိသားစုဝင်များက လှိုက်လှဲနွေးထွေးစွာကြိုဆိုကြပြီး အစားအသောက်နှင့် အဝတ်အထည်များ ထောက်ပံ့ပေးအပ်သည်။

အမိမြန်မာပြည်သို့ ပြန်လည်ခေါ်ဆောင်ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် လူမှုကူညီရေးအသင်းများမှ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူစစ်ဆေးပေးခြင်း၊ နယ်မြေခံတပ်မတော်ဆေးကုသရေးအဖွဲ့များက လိုအပ်သော ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီးနောက် နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးသည်။

ကော့သောင်းမြို့၌ ရောက်ရှိနေသော နေရပ်ပြန် မြန်မာနိုင်ငံသား ၆၇၉ ဦးအနက် တနင်္သာရီတိုင်းဒေသကြီးမှ ၃၉၇ ဦးအား ကော့သောင်းမြို့မှတစ်ဆင့် မိသားစုများရှိရာ မြို့နယ်များသို့ မော်တော်ယာဉ်များဖြင့်လည်းကောင်း၊ ရန်ကုန်နှင့်အခြားမြို့ကြီးများမှ နေရပ်ပြန် ၁၇၁ ဦးအား ရန်ကုန်မြို့သို့ တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ကျန်စစ်သား)ဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်မှနေရပ်ပြန် ၁၁၁ ဦးအား စစ်တွေမြို့နှင့် ကျောက်ဖြူမြို့များသို့ တပ်မတော်(ရေ)မှ စစ်ရေယာဉ်(အနော်ရထာ)ဖြင့်လည်းကောင်း မိသားစုများနှင့် အမြန်ပြန်လည်တွေ့ဆုံနိုင်စေရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး လမ်းခရီးတစ်လျှောက် လုံခြုံရေး၊ စားသောက်နေထိုင်ရေးနှင့် လိုအပ်သောကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုပေးခြင်းတို့ကို စစ်ရေယာဉ်များ၌ တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများက ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မိမိတို့နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်နိုင်ရေးနှင့်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှလည်း အလုပ်အကိုင်ရရှိရေးအတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

(အဆိုပါ ထိုင်းနိုင်ငံရောက် နေရပ်ပြန် မြန်မာနိုင်ငံသားများနှင့် သွားရောက်ခေါ်ဆောင်ခဲ့သည့် တာဝန်ရှိသူများ၏ အမိမြန်မာပြည်သို့ ဝမ်းပန်းတသာပြန်လည်ရောက်ရှိခဲ့မှုအပေါ် ဝမ်းသာပီတိစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိခဲ့ရပါတယ်)-----

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ ပြည်ပရောက်မြန်မာနိုင်ငံသားများအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းကပင် မလေးရှားနိုင်ငံမှ ၁,၀၈၆ ဦးနှင့် မတ်လအတွင်း အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယား (Port Blair)မှ ၇၀ ဦးတို့အား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် (၂)ကြိမ် သွားရောက်ခေါ်ဆောင်၍ မိဘများထံကောင်းမွန်စွာ စနစ်တကျအပ်နှံပေးခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိအောင်လည်း ဖော်ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။