Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းများအား တွေ့ဆုံနှုတ်ဆက်

နေပြည်တော် ဖေဖော်ဝါရီ ၂

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်သည် ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ဝန်ထမ်းများအား အဆိုပါဝန်ကြီးဌာန၌ တွေ့ဆုံပြီး နှုတ်ဆက်အမှာစကားပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင်က ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကိုလိုက်နာပြီး ဥပဒေဘောင်နှင့်အညီ နေထိုင်သွားကြရန်၊ ပါတီနိုင်ငံရေးကင်းရှင်းပြီး ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားကြရန်၊ ဝန်ထမ်းအချင်းချင်း သဟဇာတဖြစ်အောင် တန်းတူညီမျှ ဆက်ဆံဆောင်ရွက်ကြရန်နှင့် စည်းလုံးညီညွတ်စွာ နေထိုင်သွားကြရန် ပြောကြားသည်။

ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ယခုကဲ့သို့ ဆုံတွေ့ခွင့်ရသည့်အတွက်ဝမ်းမြောက်ပါကြောင်း၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်များ ပေါက်မြောက်အောင်မြင်အောင် ဝန်ထမ်းများအားလုံး ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တက်ညီလက်ညီ ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန်ကို မမေ့ကြရန်လိုကြောင်း၊ စည်းလုံးညီညွတ်မှုသည် အရေးကြီးကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပါတီစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲ၊ ပုဂ္ဂိုလ်စွဲမထားကြရန်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို ဦးထိပ်ပန်ဆင်ကြပြီး နိုင်ငံတော်၏တာဝန်များကို ဆတက်ထမ်းပိုး ဆောင်ရွက်ကြရန် ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)