Skip to main content

အနာဂတ်မျှော်လင့်ချက် အခွင့်အလမ်းကောင်းများ

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများ၏ ပညာရည်ဖွံ့ဖြိုးတိုးတက်မှုသည် အရေးကြီးသည်။ မြန်မာနိုင်ငံရှိပြည်သူများ ပညာရည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုအပ်ချက်များရှိနေသည်ကို ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။ အသက်(၂၅)နှစ်ကျော်ပြီးဖြစ်သည့် ပြည်သူအများစု၏ ပညာအရည်အချင်းမှာ အလယ်တန်းအဆင့်အောက်၌ ရှိနေသည်ဟုသိရသည်။ ထို့ကြောင့် ပြည်သူများ၏ ပညာသင်ကြားမှုအခွင့်အလမ်းများကို မြှင့်တင်ဖော်ဆောင်ကြရမည်ဖြစ်သည်။ ပညာရေးအဆင့်ကူးပြောင်းမှုများ၊ ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “လူနေမှု စနစ်မြှင့်တင်နိုင်ဖို့ဆိုလို့ရှိရင် စီးပွားရေးကောင်းအောင်လုပ်ရမယ်။ စီးပွားရေး ကောင်းဖို့ဆိုရင်လည်း အတန်းပညာ၊ အတတ်ပညာတွေရှိအောင်လုပ်ပေးရမယ်။ ဒီလိုသွားရမယ်။ ဒါကြောင့် ကျွန်တော်တို့က အတန်းပညာနဲ့ပတ်သက်ရင်အနည်းဆုံးတော့ KG+9 ကိုသွားဖို့လိုတယ်။ KG+9 ဖြစ်လာပြီဆိုလို့ရှိရင် Vocational Training အနိမ့်ဆုံးသွားလို့ရပြီ၊ စက်မှုစိုက်ပျိုးမွေးမြူရေးကျောင်းလေးတွေ ခရိုင်အလိုက်ဖွင့်ပေးမယ်။” ဟု ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေးအမှတ်စဉ် (၁/၂၀၂၃)တွင် ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ အခြေခံပညာ ကျောင်းသား ကျောင်းသူများ အလယ်တန်းအဆင့် (Grade 9) ပြီးမြောက်အောင်မြင်ပြီးပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ယူလေ့ကျင့်ခွင့်ရရှိစေရန်အတွက် ခရိုင် ၅၀ ၏ မြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်း ၅၁ ကျောင်းတွင် တွဲဖက်ဖွင့်လှစ်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ၂၀၂၃-၂၀၂၄ လာမည့်ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ပေးမည့် အဆိုပါအထက်တန်းကျောင်းများတွင် အထက်တန်းပညာကိုသာမက အသက်မွေးဝမ်းကျောင်းအတတ်ပညာများကိုပါ တတ်မြောက်နိုင်မည့် အခွင့်အလမ်းများကိုရရှိပြီး အလုပ်အကိုင်များလွယ်ကူလာမည်ဖြစ်သည်။

ထို့ကြောင့် အခြေခံပညာအလယ်တန်းအဆင့်(Grade 9) ပြီးမြောက်အောင်မြင်ပြီး ပညာဆက်လက်သင်ယူမည့် ကျောင်းသား ကျောင်းသူများနှင့် မိဘပြည်သူများအနေဖြင့် အခြေခံပညာအထက်တန်းအဆင့်၊ စက်မှုနည်းပညာ၊ စိုက်ပျိုးရေး အတတ်ပညာ၊ မွေးမြူရေးအတတ်ပညာ၊ ပညာရေးအခွင့်အလမ်းလေးမျိုးကို ရွေးချယ်နိုင်မည့် အခွင့်အရေးရှိလာသည်။ ပုံမှန်အတိုင်းအထက်တန်းအဆင့်ကို ပြီးဆုံးအောင် သင်ကြားမည့်သူများအနေဖြင့် Grade 12 အထိပြီးဆုံးအောင်သင်ကြားပြီး သတ်မှတ်အရည်အချင်းအလိုက် အဆင့်မြင့်ပညာများကို ဆက်လက်ဆည်းပူးနိုင်မည်ဖြစ်သည်။ စက်မှုနည်းပညာလမ်းကြောင်းသို့ ရွေးချယ်မည့်သူများသည် အထက်တန်းဘာသာရပ်များအပြင် အဆောက်အအုံ၊ လျှပ်စစ်၊ စက်ပစ္စည်းထုတ်လုပ်ခြင်းပညာရပ်များကို စာတွေ့၊ လက်တွေ့ သုံးနှစ်သင်ကြားပြီးနောက် အထူးအောင်သူများသည် အင်ဂျင်နီယာဘွဲ့နှင့် နည်းပညာဘွဲ့များရရှိမည်ဖြစ်ပြီး အဆင့်မီအောင်မြင်သူများသည် အင်ဂျင်နီယာဒီပလိုမာဘွဲ့များကို ရရှိနိုင်မည်ဖြစ်သည်။ ရိုးရိုးအောင်မြင်သူများအနေဖြင့် ပြင်ပလုပ်ငန်းခွင်များ၊ ကိုယ်ပိုင်လုပ်ငန်းခွင်များတွင် များစွာအထောက်အကူပြုမည်ဖြစ်သည်။

စိုက်ပျိုးရေးပညာ၊ မွေးမြူရေးပညာရပ်များတွင်လည်း အလားတူအခွင့်အလမ်းများရှိမည်ဖြစ်သည်။ လူငယ်လူရွယ်များအနေဖြင့် အထက်တန်းပညာ၊ အဆင့်မြင့်ပညာများကို ပုံမှန်အားဖြင့်သင်ယူနေကြသော်လည်း လူငယ်လူရွယ်အများစုသည် အလယ်တန်းပညာအဆင့်နှင့်အောက်တွင် ပညာသင်ယူမှုရပ်ဆိုင်းသွားပြီး လုပ်ငန်းခွင်အမျိုးမျိုးသို့ ရောက်ရှိနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် ပညာကိုပြီးဆုံးအောင် မသင်ကြားနိုင်တော့ဘဲ လုပ်ငန်းခွင်ထဲတွင် ကြုံရာရရာလုပ်ကိုင်နေကြသည့် လူငယ်လူရွယ်များ၏ အနာဂတ်ဘဝကို မြှင့်တင်ပေးရန် လိုအပ်ပေသည်။

မျက်မှောက်ကာလတွင် မြန်မာနိုင်ငံ၌ ပညာရည်နိမ့်ကျမှုရှိနေရာ အဓိကမှာ အလုပ်အကိုင်အခွင့်အလမ်းနှင့် စီးပွားဥစ္စာကိုအကြောင်းခံနေသည်။ ယခုကဲ့သို့ နိုင်ငံတစ်ဝန်း ခရိုင်အလိုက် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများပေါ်ထွက်လာခြင်းသည် လူငယ်လူရွယ်များ၏အနာဂတ်အတွက် မျှော်လင့်ချက်အခွင့်အလမ်းများဖြစ်သည်။ လူငယ်လူရွယ်များအနေဖြင့် အလယ်တန်းအဆင့်ကို ပြီးမြောက်အောင်သင်ယူခြင်း၊ အထက်တန်းအဆင့်အသက်မွေးဝမ်းကျောင်းပညာများကို ပြီးမြောက်အောင်သင်ယူကြရန် ကျောင်းသား ကျောင်းသူများသာမက မိဘအုပ်ထိန်းသူများကပါ ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များအားလုံး၏ အနာဂတ်အတွက်ရွေးချယ်စရာအခွင့်အလမ်းများစွာတို့ ပေါ်ထွက်လာပြီဖြစ်ရာ အခြေခံပညာအထက်တန်းအဆင့်တွင် သင့်လျော်ရာအနာဂတ်အခွင့်အလမ်းကောင်းများကို ရယူပိုင်ဆိုင်နိုင်ရန် ကြိုးပမ်းအားထုတ်ရမည်ဖြစ်ပါကြောင်း။   ။

ကြေးမုံအယ်ဒီတာ့အာဘော်