မန္တလေး ဇန်နဝါရီ ၃၀
မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတစ်ခုဖြစ်သည့် National Landmark Sculpturing and Painting Youth Camp for LMC Fine Arts Students စီမံကိန်း ဒုတိယနေ့ အစီအစဉ်များကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ မြနန်းဘုံစံ ရတနာပုံခန်းမ၌ Virtual စနစ်ဖြင့် ဆက်လက်ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ ပန်းချီ၊ ပန်းပု ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့ယဉ်ကျေးမှု ပန်းပုအနုပညာ လက်ရာများ၊ ရန်ကုန်တိုင်းဒေသကြီး ဒါးပိန်မြို့၌ ထုလုပ်လျက်ရှိသော သစ်သားပန်းပု ထုလုပ် ပုံအဆင့်ဆင့်နှင့် ထုလုပ်နည်းများကို Video Clicks ဖြင့် ဖွင့်လှစ်ပြသပြီး မဲခေါင် - လန်ချန်း ဒေသတွင်းနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ လူငယ်ပန်းပု အနုပညာရှင်များက သက်ဆိုင်ရာ နိုင်ငံအလိုက် ၎င်းတို့ဖန်တီးထုလုပ် ခဲ့ကြသည့် ပန်းပုရုပ်ထုများ ဖန်တီးထုလုပ်ပုံတို့ကို ရှင်းလင်းတင်ပြကြကာ အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန် ဆွေးနွေးဖလှယ်ကြသည်။
ထို့နောက် We will meet again တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး ပိတ်ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။
National Landmark Sculpturing and Painting Youth Camp for LMC Fine Arts Students စီမံကိန်းကျင်းပပြုလုပ် နိုင်ခဲ့ခြင်းကြောင့် မဲခေါင်-လန်ချန်း ဒေသတွင်းနိုင်ငံများရှိ ပန်းချီ၊ ပန်းပု လူငယ်အနုပညာရှင်များအချင်းချင်း အပြန်အလှန် ချစ်ခင်ရင်းနှီးမှု၊ တစ်ဦး၏ယဉ်ကျေးမှုကို တစ်ဦးက အပြန်အလှန်လေးစား တန်ဖိုးထားမှုများ ပိုမိုတိုးပွားလာကာ အတူတကွ ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ကြခြင်းကြောင့် အတွေးသစ်အမြင်သစ်များ အပြန်အလှန် ဖလှယ်နိုင်ခဲ့ကြ၍ မဲခေါင်ဒေသတွင်း နိုင်ငံများအကြားရှိ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်၊ မြှင့်တင်၊ ထိန်းသိမ်းခြင်းများကို များစွာအထောက်အကူပြုနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်