Skip to main content

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) လပွတ္တာမြို့ နယ်အတွင်းရှိကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့သည့် ယနေ့တွင် လပွတ္တာမြို့နယ်အတွင်း ရှိကျေးရွာများမှ ဒေသခံပြည်သူ ၁၉၁၀ ဦးအား ၎င်းမြို့ရှိ ဦးဟိုက်ပင့်တံတား ဆိပ်ကမ်း၌အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၅၃၁ ဦး၊ ခွဲစိတ်ရောဂါ ၁၂၀ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၉၈ ဦး၊ ကလေးရောဂါ ၁၉၈ ဦး၊ အရိုးရောဂါ ၁၈၆ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၁၈၉ ဦး၊ မျက်စိရောဂါ ၄၉၁ ဦးနှင့် သွားရောဂါ ၉၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် အထွေထွေခွဲစိတ်လူနာ ၈၇ ဦးနှင့် မျက်စိခွဲစိတ်လူနာ ၂၇ ဦးတို့ကို ခွဲစိတ်ကုသပေးခြင်းများနှင့် တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၁၄၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၃၆ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၈၆ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများအား နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့အတွက် ဆန်၊ ဆီနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာ များပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။