Skip to main content

တရားမဝင် သစ်၊ သီးနှံများ၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ အင်ဂျင်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များသိမ်းဆည်းရမိ

နေပြည်တော် ဇန်နဝါရီ ၂၈

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၅ ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မော်လမြိုင်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးမှ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ပေါင်မြို့နယ်ကျွဲခြံကျေးရွာ မော်လမြိုင်ကားလမ်းမဘေးတွင် ပိုင်ရှင်မဲ့စုပုံထားသော အေးခဲငါးမျိုးစုံ ၇၀၀ ကီလိုဂရမ်၊ ထိုင်းနိုင်ငံထွက် ပဲသီး ၃၁၅ ကီလိုဂရမ်နှင့် ထိုင်းနိုင်ငံထုတ်အကြော်မှုန့် ရှစ်ဖာ(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၄၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ ဇန်နဝါရီ ၂၆ ရက် တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျအကောက်ခွန်အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာစက်မှုဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာ ထားခြင်းမရှိသော Solid Bearing ၂၂၇၀ ကီလိုဂရမ်အပါအဝင် ကုန်ပစ္စည်းခြောက်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၆၁၅၀၀၀)ကိုလည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၌ သွင်းကုန်လိုင်စင်တင်ပြနိုင်ခြင်းမရှိသော ဒိုင်ယာရီစာအုပ် ၁၆၈၀၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၆၈၇၂၀၀)ကိုလည်းကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၃၀၂၂၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သိမ်းဆည်းရမိ

ထို့အတူ ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြဝတီခရိုင် တရားမဝင်ကုန်သွယ်မှုတားဆီး/ ထိန်းချုပ်ရေးအဖွဲ့နှင့် မြဝတီမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူးရုံးတို့မှ ပူးပေါင်းအဖွဲ့များက သင်္ဃန်းညီနောင်ကျေးရွာ (AK)ဂိတ်အနီး၌ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာယာဉ် ရှစ်စီးပေါ်မှ စာရွက်စာတမ်းအထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ပြောင်းအိတ် ၁၈၅၀၀၀ ကီလိုဂရမ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၀၀၀၀၀၀)နှင့် အဆိုပါပြောင်းများတင်ဆောင်သော ယာဉ်ရှစ်စီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၆၀၀၀၀၀၀၀)စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၄၀၀၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့်အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ အနောက်ပိုင်းခရိုင် လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရမိရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မရမ်းကုန်းမြို့နယ် ပြည်လမ်းပေါ်၌ နှီးဘုရားရှေ့တွင် လိုင်စင်မဲ့ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀)ကို စစ်ဆေးတွေ့ရှိသဖြင့် ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် ဇန်နဝါရီ ၂၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မုံရွာမြို့နယ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ယာဉ်တစ်စီးပေါ်မှ တရားမဝင်ပိတောက်သစ်ခွဲသား သုည ဒသမ ၅၅၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၄၃၂၀)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဖြူးမြို့နယ်သစ်တော ဦးစီးဌာနဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် ဖြူးမြို့နယ် ဖြူးကွန်းကြိုးပြင်ကာကွယ်တောအတွင်း၌ တရားမဝင်ကညင်သစ်ခွဲသား ၄ ဒသမ ၅၄၃၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၁၄၈၀)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ ဇန်နဝါရီ ၂၅ ရက်၊ ၂၆ ရက် နှင့် ၂၇ ရက်တို့တွင် သိမ်းဆည်းရမိမှုစုစုပေါင်းမှာအမှုတွဲ ၂၂ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၈၅၈၈၀၀၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ သိရသည်။

သတင်းစဉ်