Skip to main content

မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂၈

မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစီအစဉ်ပထမပိုင်းတွင် စာအုပ်လှူဒါန်းပွဲပြုလုပ်ရာဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ပြည်သူများ အသိဉာဏ်ပညာ ဗဟုသုတများဖွံ့ဖြိုးတိုးတက်စေရန် ကျေးရွာနှင့်ရပ်ကွက်များတွင် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ တည်ဆောက်၍ စာပေများဖတ်နိုင်ရန် စာအုပ်စာစောင်များ ဖြန့်ဝေပေးပို့လျက်ရှိကြောင်း၊ ဖောင်ဒေးရှင်းအနေဖြင့် စာအုပ်များဝယ်ယူ ထောက်ပံ့ပေးသကဲ့သို့ အလှူရှင်များလှူဒါန်းသည့် စာအုပ်များကိုလည်း ပေးပို့လှူဒါန်းပေးကြောင်း၊ စာကြည့်တိုက်များ၏ အသက်မှာစာအုပ်များဖြစ်ပါကြောင်း၊ စာအုပ်များရှိမှသာ စာဖတ်ရှုသူများ ဖတ်ရှုလေ့လာနိုင်မည်ဖြစ်ပါကြောင်း၊ အလှူရှင်များတိုးပွားလာသည်နှင့်အမျှ စာအုပ်များများများလှူနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် စာအုပ်အလှူရှင်များတိုးပွားရေးအတွက် စည်းရုံးပေးကြရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။

ထို့နောက် ပညာတန်ဆောင်အုပ်ချုပ်ရေးအဖွဲ့ ကိုယ်စားဦးမြကျော်နှင့် ဒေါက်တာဦးလှသောင်းတို့က စာအုပ်များလှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး စာအုပ်များပေးအပ်လှူဒါန်းရာဥက္ကဋ္ဌ ဦးညွန့်ဆွေကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဇန်နဝါရီ ၂၇ ရက် လှူဒါန်းမှုတွင် စာအုပ်ပေါင်း ၁၀၂၀၊ တန်ဖိုးကျပ် ၁၅၀၆၀၀၀ ဖြစ်ပြီး အစီအစဉ် ဒုတိယပိုင်းတွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးကိုပြုလုပ်၍ ရှေ့လုပ်ငန်းစဉ်များဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်